၂၇. ၇. ၂၀၂၅
Written by Nay Moe
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ထုတ်ပြန်လာခဲ့ရာ ဖြေဆိုသူနှင့် အောင်မြင်သူ များပြားလာသော်လည်း ယမန်နှစ်ထက်မူ အောင်ချက် ၉ ဒသမ ၈၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ၁၂၈,၈၂၀ ဦး၊ အောင်မြင်သူ ၇၄,၅၉၂ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းမှာ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိခဲ့သည်။
ယခု ၂၀၂၅ ခုနှစ်တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ၂၀၇,၈၉၈ ဦး၊ အောင်မြင်သူ ၉၉၉၂၄ ဦးရှိခဲ့ပြီး ဖြေဆိုသူနှင့် အောင်မြင်သူ ယမန်နှစ်ထက် ပိုများလာခဲ့သော်လည်း အောင်ချက်ရာခိုင်နှုန်းမှာမူ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သဖြင့် ယမန်နှစ်ထက် အောင်ချက် ၉ ဒသမ ၈၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်တွင် ကယားပြည်နယ်မှာ ၁၃၂ ဦးသာဖြေခဲ့ဆိုပြီး ၆၈ ဦးအောင်မြင်ကာ ချင်းပြည်နယ်မှာ ၄၀၈ ဦးဖြေဆို၍ ၁၁၀ အောင်မြင်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၆၅၈ ဦးဖြေဆိုပြီး ၂၇၉ ဦး အောင်မြင်ကာ ထိုဒေသများမှာ နယ်မြေဒေသအခြေအနေကြောင့် လူ ၁၀၀၀ ပြည့်အောင် ဖြေဆိုနိုင်ခဲ့ကြခြင်းမရှိသည်ကို တွေ့ရသည်။
သို့သော် နိုင်ငံခြားစာစစ်ဌာနများမှ ၂၀ ဦးဖြေဆိုပြီး ၁၉ ဦးအောင်မြင်ကာ အောင်ချက် ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ပြည်တွင်းစာစစ်ဌာနများတွင်မူ မွန်ပြည်နယ်က ၈၉၇၂ ဦးဖြေဆိုပြီး ၅၁၂၈ ဦးအောင်မြင်သဖြင့် အောင်ချက် ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် အကောင်းဆုံးဖြစ်ခဲ့သလို ရန်ကုန်တိုင်းက ၃၇၄၆၇ ဦးဖြင့် အများဆုံးဖြေဆိုကာ ၁၉၃၆၆ ဦးဖြင့် အောင်ချက် ၅၁ ဒသမ ၆၉ ရာခိုင်နှုန်းရ၍ အောင်မြင်သူအများဆုံးပေါ်ထွက်ခဲ့သည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီးက ၃၃၇၉၁ ဦးဖြေဆိုပြီး ၁၆၇၆၆ ဦးအောင်မြင်ကာ ဧရာဝတီတိုင်းဒေသကြီးက ၃၂၂၄၁ ဦးဖြေဆိုပြီး ၁၅၁၀၇ ဦး အောင်မြင်ခဲ့သည်ဟု သိရသည်။
