နေမိုး
၂၇. ၉. ၂၀၂၅
PDF များ ရက် ၂၀ ကျော်ကြာ ဖမ်းဆီးထားသည့် ပရဟိတသစ်ပင်စိုက်သူ ရေနံသာဒင်္ဂါး ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်သော်လည်း ၎င်းနှင့်အတူ ဖမ်းဆီးခံရသည့် သစ်တောဝန်ထမ်းသုံးဦးနှင့် အုပ်ချုပ်ရေးမှူးများ မလွတ်မြောက်သေးကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာအုပ်စုအတွင်းရှိ ပုပ္ပါးတောင်ဥယျာဉ် ရေဆူစခန်းတွင် ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပုပ္ပါးတောင်ဥယျာဉ်မှ အုပ်ချုပ်ရေးမှုး ဦးတင်အုန်းကျော်၊ တောအုပ် ဦးကျော်နိုင်ဦး၊ တောခေါင်း ဦးရဲလင်းထက်၊ တောခေါင်း ဦးလွင်ဦး(ယာဥ်မောင်း)၊ ရေနံ့သာဒင်္ဂါး သစ်ပင်စိုက်အဖွဲ့တာဝန်ခံ ဦးဝေလင်းထွန်း(ရေနံချောင်းမြို့နယ်)တို့သည် သစ်တောရေဆူစခန်းတွင် သစ်ပင်စိုက်ပျိုးနေစဥ် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးတင်အုန်းကျော် ပိုင်ဆိုင်သည့် 4H/5335 Mitsubishi RBI အညိုရောင်ယာဥ် ၁ စီးကိုပါ ယူဆောင်သွားခဲ့ကြသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် ပရဟိတသစ်ပင်စိုက်သူ ရေနံ့သာဒင်္ဂါး (ခ) ဦးဝေလင်းထွန်း တို့အား PDF များက ဖမ်းဆီးသွားမှုအတွက် လူမှုကွန်ရက်တွင် ဖမ်းဆီးသည့် PDF များကို ရှုတ်ချကန့်ကွက်မှုများ ဝိုင်းဝန်းပြုလုပ်ခဲ့ကြပြီးနောက် ဇူလိုင် ၂၆ ရက်ညတွင် ရေနံသာဒင်္ဂါးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“အားလုံး မင်္ဂလာပါ။ ကျွန်တော် ရက် ၂၀ ကြာ ဖမ်းဆီးခံရပြီးနောက် မိတ်ဆွေများ ကူညီပေးမှု့၊
လိုင်းပေါ် ဆုတောင်းပေးမှု့၊ အင်တာနက်ပေါ်အများသိအောင် အချိန်မီ တင်ပေးမှု့၊ တစ်နိုင်ငံလုံး အမြန်သိအောင် တင်ပေးကြသော မီဒီယာများ အားလုံးကြောင့် ပြန်လွတ်လာပါပြီ။ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည် ခင်ဗျာ။ ယခုရက်ပိုင်းအတွင်း အလှူရှင်များအားလုံး ကျွန်တော်အကောင့် တွေထဲ လုံးဝ ငွေမလွှဲပါနှင့်ဦးခင်ဗျာ။ ဘဏ်အကောင့်တွေ ပြန်ဖွင့်ပြီးမှ ပြန်လုပ်ပြီးမှ FB ပေါ်ကနေ တင်ပေးပါမည် ခင်ဗျာ”ဟု ရေနံသာဒင်္ဂါးက အသိပေးထားသည်။
ရေနံသာဒင်္ဂါးအနေဖြင့် ဘဏ်အကောင့်များအပြင် ယခင် ဖုန်းနံပါတ်များလည်း ဆက်သွယ်မရသေးကြောင်း အသိပေးထားပြီး ထို ဘဏ်အကောင့်များ၊ ဖုန်းများကို PDF များ ရယူထိန်းချုပ်လိုက်သည်ဟုလည်း နီးစပ်သူတစ်ဦးက ပြောသည်။
“ကျွန်တော် နှင့်အတူ အဖမ်းခံရသော AD ဆရာဦးတင်အုန်းကျော်၊ ယာဥ်မောင်း ကိုဦး၊ တောအုပ် ကိုကျော်နိုင်ဦး၊ တောခေါင်း ရဲလင်းထက် တို့လည်းအသက်ဘေးအန္တရာယ်ကင်းပါသည်။ နောက်မကြာမီ လွတ်လာလိမ့်မည် ထင်ပါသည်။”ဟု ရေနံသာဒင်္ဂါးက အသိပေးထားသည်။
