
၂၆. ၇. ၂၀၂၅
Written by Nay Moe
စစ်ရှုံးနေတဲ့ TNLA ဟာ သူ လုယက်ရယူထားတဲ့နယ်မြေတွေကို လက်လွှတ်ဖို့ တပ်မတော်ရဲ့ စစ်ရေးအရ ဖိအားပေးမှုကို ဆက်လက်ရင်ဆိုင်နေရသလို ဒီနေ့လည်း TNLA လက်နက်ကိုင်တွေ အခြေချနေတဲ့ မိုးကုတ်က ရွှေလိပ်ပြာဟိုတယ်ကို ဗုံးကြဲလိုက်ပြန်ပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေလိပ်ပြာဟိုတယ်မှာ TNLA အကြီးပိုင်းတွေ ခိုအောင်းနေချိန် ဒီညနေ ၄ နာရီ ၅၈ မိနစ်အချိန်က လေကြောင်းနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်တာကြောင့် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

TNLA ကတော့ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုပြုတိုင်း သေဆုံးသူတွေကို အရပ်သားတွေပါလို့ လိမ်လည်ထုတ်ပြန်လေ့ရှိပြီး ဒီနေ့မှာလည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်နဲ့အလုပ်ပြန်လာတဲ့ အမျိုးသား (၁) ဦး ဗုံးထိမှန်ပြီး သေဆုံးသွားခဲ့တယ်ဆိုတာနဲ့ အမျိုးသား (၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟိုတယ်အဆောက်အဦတစ်ချို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်ပြောပါတယ်။
ပြီးခဲ့တဲ့ နောက်ဆုံးဆွေးနွေးပွဲမှာ TNLA ဟာ ညှိနှိုင်းမှုလက်မခံဘဲ စစ်ရေးရွေးချယ်ခဲ့တာကြောင့် တပ်မတော်က ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာပဲ နောင်ချိုမြို့ကနေ TNLA, DPLA နဲ့ MDY PDF တို့ကို တိုက်ထုတ်ကာ မြို့ပြန်သိမ်းခဲ့သလို TNLA နဲ့ MDY PDF တွေ သိမ်းထားတဲ့ သပိတ်ကျင်းကိုလည်း ဇူလိုင် ၂၃ ရက်မှာ ပြန်သိမ်းယူခဲ့ပြီး လက်ရှိအချိန်မှာ ကျောက်မဲ၊ မိုးကုတ် စတဲ့ TNLA နယ်မြေလုယက်ထားတဲ့မြို့တွေကို ဆက်လက် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
