
၂၆.၇.၂၀၂၅.
Translated by Htwe Ko Tun
မလေးရှားနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုနဲ့နိုင်ငံရေးပြောင်းလဲမှုတွေအတွက် တာဝန်ရှိတဲ့ဝန်ကြီးချုပ်အန်ဝါ အီဘရာဟင်ကို ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးဖို့ မြို့တော်ကွာလာလမ်ပူမှာ ဇူလိုင်လ ၂၆ ရက်က မလေးရှားပြည်သူအများအပြားက စုဝေးတောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြသမားတွေက ‘အန်ဝါ နုတ်ထွက်၊ အန်ဝါ နုတ်ထွက်’ နဲ့ ကြွေးကြော်လာကြပြီး လှိုင်းလုံးကြီးများ သဖွယ်ချီတက်လာကြပါတယ်။ အများစုက အနက်ရောင်အဝတ်အစားတွေဝတ်ဆင်ထားကြပြီး မလေးရှားနိုင်ငံ အမျိုးသားဗလီဖြစ်တဲ့ Masjid Negara မှာ ချီတက်စုရုံးခဲ့ကြပါတယ်။အဲဒီကမှတစ်ဆင့် မိုးဖွဲဖွဲ ရွာနေတဲ့ကြားကဆန္ဒပြလူအုပ်ကြီးထဲက တချို့က သူတို့ နောက်ဆုံးစုဝေးမယ့်နေရာဖြစ်တဲ့ Dqataran Merdeka ခေါ်လွတ်လပ်ရေးနေ့ အခမ်းအနားတွေကျင်းပတဲ့ လွတ်လပ်ရေးရင်ပြင်ကို ဆက်လက်ချီတက်လာကြတယ်လို့ ဆိုပါတယ်။

အဲဒီမှာ တခြားစမှတ်တွေဖြစ်တဲ့ လျှပ်စစ်ရထားမှတ်တိုင် Masjid Jamek၊ Sogo Mail ကုမ္ပဏီနဲ့ ဗဟိုဈေးကွက်တို့ကနေ ချီတက်လာတဲ့လူတွေနဲ့ပေါင်းဆုံဆန္ဒပြခဲ့ကြတာပါ။ အတိုက်အခံပါတီတွေက စီစဉ်တဲ့ ဒီလူထုဆန္ဒပြပွဲက အန်ဝါ အာဏာရလာပြီးတဲ့နောက် အရှေ့တောင်အာရှရဲ့ ဆဋ္ဌမအကြီးဆုံး စီးပွားရေးမှာ ပထမဆန္ဒပြမှုဖြစ်လာခဲ့ပါတယ်။
ဝန်ကြီးချုပ်အန်ဝါအနေနဲ့ လူနေမှုစရိတ်တွေ မြင့်မားလာမှု၊ အထူးသဖြင့် ဇူလိုင်လအတွင်းမှာ ဈေးရောင်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အပေါ် အခွန်တိုးချဲ့ခဲ့မှုစတာတွေကြောင့် ပြည်သူတို့ရဲ့စိတ်ပျက်မှုကိုခံယူနေရတာပါ။ သူက လျှင်စစ်နှုန်းထားတွေကိုလည်း တိုးမြှင့်ခဲ့ပြီး လောင်စာဆီထောက်ပံ့မှုတွေကို လျှော့ချခဲ့ပါတယ်။
ဒီလူထုဆန္ဒပြပွဲကို အဓိကအတိုက်အခံပါတီဖြစ်တဲ့ Perikatan Nasional(PN) Alliamce အတိုက်အခံ မဟာမိတ်တပ်ပေါင်းစုပါတီကခေါင်းဆောင်ခဲ့တာပါ။ အတိုက်အခံပါတီငယ်လေးတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
လူထုဆန္ဒပြပွဲကို စည်းရုံးစီစဉ်သူတွေကတော့ ဆန္ဒပြအင်အား ၅၀၀,၀၀၀ ခန့်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြအင်အား ၁၈,၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ဇွန်လထဲမှာပဲ သူ့ရဲ့ နှစ် ၁၀၀ မြောက်မွေးနေ့ကို ကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အရှည်ဆုံး နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ မဟာသီယာကလည်း ဆန္ဒပြပွဲမှာပူးပေါင်းပါဝင်ခဲ့ပါတယ်။ သူက အန်ဝါ ဟာ ဝန်ကြီးချုပ် ဆိုတဲ့ ရာထူးအာဏာကိုအသုံးချပြီး နိုင်ငံရေးပြိုင်ဘက်တွေကို လိုက်တရားစွဲနေတယ်လို့ ပြောခဲ့ပါတယ်။
Ref- CAN, The Straits Times
