




၂၆.၇.၂၀၂၅
Written By Thandar
ယနေ့ ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးဝန်းအတွင်းရှိ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို အရှေ့ပိုင်းတက္ကသိုလ် ပထဝီဌာနက ကျောင်းသူ/ ကျောင်းသားတွေ လာယောက်လေ့လာခဲ့ကြရာ အနုပညာရှင်တွေက ဧည့်ခံတွေ့ဆုံပြသခဲ့ကြပါတယ်။
“ခုခေတ်လူငယ်တွေက ပြတိုက်ဖွင့်ထားလို့ ဖွင့်ထားမှန်းလည်း သိပ်မသိကြတော့ဘူး။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရုပ်ရှင်ကဘာဆိုတာတွေ သရုပ်ဆောင်ဦးရွှေဘဆိုတာကိုတောင် မသိကြသူတွေက ရှိကြတယ်။ ဒီလိုမျိုး ခေတ်လူငယ်တွေ မြန်မာ့ရုပ်ရှင်အမွေအနှစ်တွေကို သိရှိဖို့အတွက် ဖိတ်ခေါ်ဖွင့်လှစ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ရှင်းလင်းပြသပေးတာပါ။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ရဲ့ တကယ့်ကို အနှစ်နှစ်လလ တွေက စုဆောင်းထားရှိခဲ့တဲ့ ကင်မရာအမျိုးအစားတွေ၊ အနုပညာရှင်ကြီးတွေကို တစ်ခမ်းတစ်နားသေချာလေး ပြသထားပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
ယနေ့မှာတော့ ရုပ်ရှင်သမိုင်းပြတိုက်ကို အရှေ့ပိုင်းတက္ကသိုလ်ပထဝီဌာနက ကျောင်းသူ/ ကျောင်းသား ၈၂ ဦး လာယောက်လေ့လာတာလည်းဖြစ်ခဲ့ရာ ပြတိုက်အမှုဆောင်တွေ သရုပ်ဆောင် သူထူးစံ၊ အာကာမြင့် အောင်၊ မြယာတို့က ဧည့်ခံပြသကြတာဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကိုတော့ စနေနဲ့ တနင်္ဂနွေအပြင် အများပြည်သူ ရုံးပိတ်ရက်တွေမှာ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ တစ်ဦးလျှင် ကျပ် တစ်ထောင်နှုန်းနဲ့ ရုပ်ရှင်ချစ်သူတွေ၊ ရုပ်ရှင်ဝါသနာရှင်တွေနဲ့ ရုပ်ရှင်သမိုင်းကို စိတ်ဝင်စားသူတွေက လေ့လာကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။
