၂၆.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနှင့် ကမ္ဘောဒီးယား တို့က အပြန်အလှန်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေကြရာတွင် တိုက်ခိုက်မှုများ တတိယမြောက်နေ့ဖြစ်သော ဇူလိုင် ၂၆ ရက်တွင် တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ဦးရေမှာ ၃၃ ဦးအထိရှိလာပြီး ကမ္ဘောဒီးယားအစိုးရက ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက တိုက်ခိုက်မှုများအတွင်း ကမ္ဘောဒီးယားဘက်မှ ၁၃ ဦးသေဆုံးခဲ့ရကြောင်း၊ အရပ်သားရှစ်ဦးနှင့်စစ်သားငါးဦးပါဝင်ကြောင်း၊ ထို့ပြင် အနည်းဆုံးအရပ်သား ၅၀ ဦးနှင့် စစ်သား ၂၀ ဦးကျော်ဒဏ်ရာရခဲ့ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

ထိုင်းစစ်တပ်ကလည်း ဇူလိုင် ၂၅ ရက်တွင် စစ်သားငါးဦးကျဆုံးခဲ့ရာ ထိုင်းဘက်၌ ပစ်ခတ်မှုများအတွင်း အရပ်သား ၁၄ ဦးနှင့်စစ်သားခြောက်ဦး အပါအဝင် သေဆုံးသူ ၂၀ ဦးရှိသွားပြီဟု ပြောခဲ့သည်။ ထို့ပြင် စစ်သား ၂၉ ဦးနှင့် အရပ်သား၃၀ ဦးဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။
နှစ်ဖက်သေဆုံးသူဦးရေက ၃၃ ဦးအထိရှိလာပြီဖြစ်ရာ ၎င်းက နှစ်နိုင်ငံကြား ၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင်ဖြစ်ပွားခဲ့သော အဓိကတိုက်ခိုက်မှုများ၌ သေဆုံးခဲ့သူ ၂၈ ဦးထက်ပို၍ မြင့်တက်လာပြီဖြစ် သည်။
နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲရေးကို သဘောတူကြောင်း ဇူလိုင် ၂၅ ရက်က ပြောခဲ့ကြသော်လည်း တတိယမြောက်နေ့ဖြစ်သော ဇူလိုင် ၂၆ ရက်တွင် နံနက် ၅ နာရီခန့်၌ ပစ်ခတ်မှုများပြန်လည် ဖြစ်ပွားခဲ့သည်။ ထိုင်းစစ်တပ်များက လက်နက်ကြီးများဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ပါဆတ်ပြည်နယ်အတွင်း ငါးကြိမ် ပစ်ခဲ့သည်ဟု ကမ္ဘောဒီးယားဘက်က ပြောခဲ့သည်။

တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားနယ်စပ်နှင့် ဆက်စပ်နေသော ပြည်နယ်များမှ ပြည်သူ ၁၃၈,၀၀၀ ဦးကျော်ကို အိုးအိမ်များမှဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ ကမ္ဘောဒီးယားနိုင်ငံအတွင်းတွင်လည်း လူ ၃၅,၀၀၀ ကျော်မှာ ၎င်းတို့၏အိမ်များကို စွန့်ခွာ၍ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးကို ဇူလိုင် ၂၅ ရက်က ကျင်းပခဲ့ရာတွင် ကမ္ဘောဒီးယားသံတမန် Chhea Keo က ကမ္ဘောဒီးယားအနေဖြင့် အပစ်အခတ်ရပ်စဲရေးကိုလိုလားပါကြောင်း ပြောခဲ့သည်။ ၎င်းက ကမ္ဘောဒီးယားအနေဖြင့် ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို ခြွင်းချက်မရှိတောင်းဆိုပါကြောင်းနှင့်အငြင်းပွားမှုအတွက် ငြိမ်းချမ်းသောဖြေရှင်းမှုကိုလည်း လိုလားပါကြောင်း ပြောခဲ့သည်။
Ref-Dawn
