
၂၆. ၇. ၂၀၂၅
Translated by Thettant
စင်ကာပူနိုင်ငံ၊ Compass One စားသောက်ဆိုင်တစ်ဆိုင်မှ စားဖိုမှူးတစ်ဦးသည် အလုပ်ပြီးဆုံးပြီးနောက် သန်းခေါင်ကျော်အချိန် နံနက် ၂ နာရီခွဲတွင် Sengkang ဈေးဝယ်စင်တာ၏ ခုံတန်းလျားပေါ် အိပ်ပျော်နေသည့် မူးယစ်နေသော အမျိုးသားတစ်ဦးကို တွေ့ရှိပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း သိရသည်။
အောင်ခြူးမာန်ဟု အမည်ဖော်ပြထားသည့် မြန်မာနိုင်ငံသား အော့အန်ထားသည့်အနံ့နှင့် အရက်နံ့များ နံစော်နေသော ထိုသူအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီးနောက် ထွက်သွားခဲ့သော်လည်း သုံးကြိမ် ထပ်မံပြန်လာကာ အဆိုပါအမျိုးသား၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ထပ်မံကိုင်တွယ်ခဲ့သည်။ ထိုသူမှာမူ ဆက်လက်အိပ်ပျော်နေခဲ့သည်။
အသက် ၂၆ နှစ်အရွယ် ပြစ်မှုကျူးလွန်သူအောင်ခြူးမာန်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်အတွက် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု တစ်မှုဖြင့် ပြစ်မှုထင်ရှားကြောင်း ဝန်ခံခဲ့ပြီးနောက် ဇူလိုင် ၂၄ ရက်တွင် ထောင်ဒဏ် ၇ ပတ် ချမှတ်ခံခဲ့ရသည်။
အောင်ခြူးမာန်၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသော အသက် ၂၉ နှစ်အရွယ် ထိခိုက်ခံရသူက အမူးလွန်ရာမှ နိုးလာပြီးနောက် သူ၏ မိုဘိုင်းဖုန်း ပျောက်ဆုံးနေသောကြောင့် ဈေးဝယ်စင်တာရှိ လုံခြုံရေးဝန်ထမ်းတစ်ဦးထံ ချဉ်းကပ်ခဲ့ပြီးမှသာ ထို လိင်အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ သို့သော် တရားရုံးစာရွက်စာတမ်းများတွင် ဖုန်းနှင့်ပတ်သက်၍ မည်သို့ဖြစ်ပျက်ခဲ့သည်ကို ဖော်ပြထားခြင်းမရှိပေ။
“လုံခြုံရေးဝန်ထမ်းဟာ အမူးလွန်နေသူရဲ့ ဖုန်းပျောက်ကိုရှာဖို့ CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ရာမှာ တရားခံက နစ်နာသူ အမူးလွန်နေစဉ်အတွင်း ထိတွေ့ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်” ဟု ဒုတိယပြည်သူ့ရှေ့နေ Karl Tan က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသား အောင်ခြူးမာန်သည် အဆိုပါပြစ်မှုနှင့် ဆက်စပ်မှုမရှိသော ညစ်ညမ်းရုပ်ရှင်များ လက်ဝယ်တွေ့ရှိမှု အခြားစွဲချက်တစ်ခုကိုလည်း ဝန်ခံခဲ့သည်။
အောင်ခြူးမာန်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် ဖမ်းဆီးခဲ့ပြီး ၎င်း၏ မိုဘိုင်းဖုန်းကို စစ်ဆေးရာ ဈေးဝယ်စင်တာရှိ အိမ်သာများတွင် အမည်မသိ အမျိုးသားများ အိမ်သာအသုံးပြုနေသည့် ဗီဒီယိုကလစ် ၁၄၉ ခု တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
တရားရုံး၏ ကြားနာချက်အရ ၎င်း ဗီဒီယိုကလစ် ၁၄၉ ခုသည် နစ်နာသူများ၏ သဘောတူညီမှု သို့မဟုတ် သိရှိမှုမရှိဘဲ လျှို့ဝှက်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
The Straits Times
