၂၆.၇.၂၀၂၅
Written By Thandar
အဆိုတော်ဂျိုးရဲ့ နာမည်ကြီးသီချင်းတွေအပြင် သီချင်းသစ်တွေပါဝင်တဲ့ “အားလုံးလက်တွေ အတူတူတွဲထားပါ” DVD ကာရာအိုကေ ထွက်ရှိခြင်း မိတ်ဆက်ပွဲကို ယနေ့ ဇူလိုင် ၂၆ ရက် နံနက် ၁၀ နာရီ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြိုနယ် ကန်တော်ကြီးအတွင်းရှိ Lake View စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ သီချင်းတွေကို ၁၃ ပုဒ်ထည့်ထားပါတယ်။ သီချင်းသစ်ကတော့ ၃ ပုဒ်ကိုတော့ ကိုနိုင်ဇော်ရေးပေးထားတာပါ။ ငယ်ငယ်ကတည်းက သီချင်းတွေကို အရမ်းကြိုက်တယ်။ အဲဒါကြောင့် တစ်ချိန်က အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ဆိုဖြစ်တာပါ။ အရမ်းဆိုချင်တာမို့ ကိုယ့်တိုင်လည်း လိုက်ဖက်မယ်ထင်လို့ ကျွန်တော့်အနေနဲ့ သီဆိုဖြစ်တာပါ။ ပရိသတ်အကြိုက်သီချင်းတွေလည်း ပါပါတယ်။ ကိုနိုင်ဇော်က ဒါရိုက်တာအနေနဲ့ ရိုက်ကူးပေးထားပါတယ်”လို့ အဆိုတော် ဂျိုးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ သီချင်းခွေမှာတော့ သီချင်း ၁၃ ပုဒ်ပါဝင်ပြီး တေးရေးဦးကျော့မှူး၊ သုခမိန်လှိူင်၊ စိုင်းခမ်းလိတ်၊ လွှမ်းမိုး၊ မင်းဒဿ၊ ဆူး၊ ဇော်နိုင်၊ ကိုပေါက်(အိမ်ဂျယ်တယော)၊ နိုင်ဇော်၊ စိုးလွင်လွင်တို့က ရေးသားပေးကြတာ ဖြစ်ပါတယ်။
တေးဂီတအနေနဲ့ Art Robots တီးခတ်ပေးထားပြီး Immortal Studio အသံသွင်းယူခဲ့တာဖြစ်သလို နိုင်ဇော်( Guitarist) က ဒါရိုက်တာအဖြစ် တာ၀န်ယူပုံဖော်ရိုက်ကူးထားပါတယ်။
အဆိုတော် ဂျိုးကတော့ “၁၅၀၀ ပြေးလမ်း” Album တစ်ခွေ ၂၀၂၁ ခုနှစ်က ထွက်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။
“အားလုံးလက်တွေ အတူတူတွဲထားပါ” DVD ကာရာအိုကေ သီချင်းခွေကို ဇူလိုင် ၂၆ ရက်မှာ မန်းသီရိ တေးသံသွင်းကနေ့ ဖြန့်ချိသွားမှာလည်း ဖြစ်ပါတယ်။
#အဆိုတော်ဂျိုး #နိုင်ဇော် #NaingLu #Joe
#အားလုံးလက်တွေအတူတူတွဲထားပါ #DVD #ကာရာအိုကေ




