၂၆. ၇ .၂၀၂၅
Written by Hey Mar
ဆွေမျိုးသားချင်းတွေက လျစ်လျှူရှုထားလို့ လမ်းဘေးမှာ အိမ်ခြေမဲ့အနေနဲ့ နေထိုင်ရတဲ့ အသက် ၆၀ ဝန်းကျင်အမျိုးသမီးတစ်ဦး လျှပ်စစ်ထရန်စဖော်မာပုံးကို ဝန်းခတ်ထားတဲ့ခြံထဲဝင်ကာ အပေါ့အလေးစွန့်ရာက ဓာတ်လိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မနက် အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ကုလားကျောင်းမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရတနာဖြိုး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါ အမျိုးသမီးကြီးက ရန်ကုန်-အင်းစိန် လမ်းမပေါ် သမိုင်း ကုလားကျောင်းမှတ်တိုင်အနီး ပလပ်ဖောင်းပေါ်နဲ့ ကားမှတ်တိုင်မှာ အိမ်ခြေမဲ့ နေထိုင်နေသူလို့လည်း သိရပါတယ်။ သူက သူ့ရဲ့ ကျန်းမာရေးကိစ္စကို အဆိုပါ ထရန်စဖော်မာပုံး အနီးအနား အမြဲလိုလို ဖြေရှင်းလေ့ရှိတယ်လို့လည်း ဘေးပတ်ဝန်းကျင်ရဲ့ ပြောစကားတချို့အရ သိရပါတယ်။
ရတနာဖြိုး လူမှုကူညီရေးအသင်း တာဝန်ရှိသူက “သူ ဖြစ်တာက မနက်အစောပိုင်း လေးနာရီ ငါးနာရီ ဝန်းကျင်လောက်ကတည်းက ဖြစ်သွားတာ။ ကျွန်တော်တို့သိတာက ၇ နာရီလောက်မှ သိတာ။ မိုးကလည်း ရွာထားတော့ လျှပ်စစ်စီးနေမှာပေါ့။ သက်ဆိုင်ရာကို ဆက်သွယ်ပြီး ရုပ်အလောင်းထုတ်ယူတာ သန့်ရှင်းရေးလုပ်တာတွေ ကူပေးခဲ့ပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲလုပ်ငန်းစဉ်တွေအပြီးမှာ မြတ်ကုသိုလ် လူမှုကူညီရေးအသင်းမှယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
