၂၅.၇.၂၀၂၅
Written By Thandar
ကိုယ်တိုင်ရေးဆိုရင်းကနေ ဂီတလောကထဲရောက်ရှိလာတဲ့ ပရိသတ်ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် ရေဗက္ကာဝင်းကတော့ ဂီတသက်တမ်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ် Rebecca’s 20th Anniversary Duet Show ကို ကိုယ့်ဘဝအတွက် မှတ်တမ်းမှတ်ရာအနေနဲ့ လုပ်ဖြစ်ခဲ့တာပါလို့ ဆိုပါတယ်။
“ဗက္ကာကို အနှစ် ၂၀ တိုင်တိုင်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒီနှစ်ကာလ အတော့်ကို အားပေးခဲ့တဲ့ ပရိသတ်တွေ စိတ်အပန်းပြေဖို့အတွက် ခံစားနိုင်ဖို့ရည်ရွယ်ပြီးတော့ Rebecca’s 20th Anniversary Duet Show ကို ကိုဗစ်ကာလကတည်းက လုပ်ခဲ့တာပါ။ ခုမှထုတ်လွှင့်ဖြစ်တာပါ။ ဗက္ကာရဲ့ တစ်ကိုယ်တော်ခွေ မထွက်ခဲ့ရဘူးပေါ့နော်။ ချန်ပီယံလောင်း တေးသီချင်းနဲ့ ကိုယ့်ကိုပိုသိလာကြတာပေါ့။ ပြန်ဆိုတေးတွေပဲ ဆိုဖြစ်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ကိုယ်တော်ခွေ မထွက်ဖြစ်ခဲ့ဘူးပေါ့နော်။ ဂီတသက်တမ်း နှစ် ၂၀ မှာ တကယ်သေချာလုပ်ဖြစ်တာ ၁၀ နှစ်လောက်ပဲရှိမယ်။ အိမ်က ခွင့်မပြုခဲ့တာကြောင့်လည်း ပါတယ်။ ပရိသတ်ကို တစ်ကိုယ်တော်ခွေ၊ တစ်ကိုယ်တော်ရှိုးပွဲရယ်လို့ မလုပ်ခဲ့ရဘူးပေါ့။ ကိုဗစ်ကာလက ကိုယ့်ဘဝအတွက် မှတ်တမ်းမှတ် ရာလေးကျန်ချင်ကြောင့် ရိုက်ကူးခဲ့တာပါ”လို့ အဆိုတော် ရေဗက္ကာဝင်းက ပြောပါတယ်။
Rebecca’s 20th Anniversary Duet Show မှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ အောင်ထက်၊ ရှိုင်း၊ William စတဲ့သူတွေ ပါဝင် သီဆိုထားကြတာလည်းဖြစ်ပါတယ်။
အပိုင်း (၁) ကို ဇူလိုင် ၂၀ ရက်မှာ MRTV- 4 က ထုတ်လွှင့်ခဲ့ပြီး အပိုင်း (၂) ကိုတော့ လာမယ့် ဇူလိုင် ၂၇ ရက် ည ၈ နာရီမှာ အဆိုတော်ဘယ်သူတွေနဲ့ သီဆိုမလဲဆိုတာ စိတ်ဝင်စားစရာ ထပ်မံကြည့်ရှုရမှာဖြစ်ပါတယ်။
“ဒီဖျော်ဖြေမှုမှာတော့ သီချင်းတွေကို တစ်ပုဒ်နဲ့ တစ်ပုဒ်မတူညီတဲ့ ရသတွေ ဗက္ကာပေးလေ့ရှိတယ်။ ဆူးများတဲ့ပန်း သီချင်းလေးနဲ့ ဗက္ကာကိုတွဲမြင်ကြတယ်။ ကိုယ်တိုင်ကလည်း Kiss Me Quick ဆူးများတဲ့ ပန်းဖြစ်တယ်လေ။ နောက်ဗက္ကာက သီချင်းတစ်ပုဒ်ကို မိတ်ကပ်ကအစ မတူအောင်ပြင်လေ့ရှိတယ်။ ဗက္ကာကို ပရိသတ်တွေ ချစ်ပေးကြလို့ကျေးဇူးတင်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။
သူမကတော့ ချန်ပီယံလောင်း၊ အကျပ်ရိုက်ခြင်း၊ မချစ်ရဲဘူး၊ Dream 16 စတဲ့ Own Tune တွေကို ကိုယ်တိုင်ရေးသား သီဆိုဖူးသူလည်းဖြစ်ပြီး Featuring ရေးသားသီဆိုခဲ့တာလည်း ဖြစ်ပါတယ်။
#RebeccaWin #ဂီတသက်တမ်းအနှစ်၂၀ပြည့်အထိမ်းအမှတ် #Rebecca’s20thAnniversaryDuetShow #MRTV-4 #Rebecca #Rebeccas20thAnniversaryDuetShow



