၂၅.၇.၂၀၂၅
Written By Zun
မန္တလေးမြို့က ရွှေနန်းသုခရွှေဆိုင်ကို သေနတ်ပစ်ဖောက် ဓားပြတိုက်ရာတွင် အသုံးပြုသည့် Honda Fit ကားကို ပုသိမ်ကြီးမြို့နယ်အတွင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကားကို တွေ့ရှိပြီးနောက် သံသယရှိသူအချို့ကို သက်ဆိုင်ရာက ထိန်းသိမ်းထားကာ စစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက MT News ကို ပြောသည်။
“မကြာခင် ဖမ်းမိမှာပါ။ အခုကတော့လုပ်ထုံးလုပ်နည်းတွေအရ စစ်ဆေးနေတုန်း စိစစ်နေတုန်းပဲ ရှိသေးလို့ပါ။ CCTV မှတ်တမ်းတွေလည်း ကြည့်ပြီးပြီဖြစ်လို့ နယ်မြေအတွင်းမှာ လုပ်ဆောင်နေပါတယ်”ဟု ယင်းက ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၄ နာရီအချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက် ရပ်ကွက်၊ ၃၉ လမ်း၊ ၈၄ x ၈၅ လမ်းကြားရှိ ရွှေနန်းသုခ အာမခံ စိန်၊ ရွှေ ရတနာဆိုင်တွင် ဝန်ထမ်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၁ ဦးမှ ဆိုင်ဖွင့်လှစ်ရောင်းချနေစဉ် လူ ၆ ဦးပါသော Honda Fit မော်တော်ယာဉ် အဖြူရောင်တစ်စီး ရောက်ရှိလာပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ကားပေါ်ကဆင်းလာခဲ့ကြကြောင်း သိရသည်။
ယင်းနောက် အမျိုးသား ၁ ဦးက သေနတ် ပစ်ဖောက်၍ ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် “အားလုံးဝပ်နေ” ဟု ပြောဆိုကာ လက်ဝတ်ရတနာပစ္စည်းများ ခင်းကျင်းပြသထားသည့် မှန်ကောင်တာများအတွင်းရှိ ရတနာပစ္စည်းများနှင့် ငွေကျပ် သိန်း ၃၀ ကျပ်ခန့်ကို လုယက်ယူဆောင်ကာ ၃၉ လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်ကြောင်း MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။
အဆိုပါ ပစ်ခတ်လုယက်မှုဖြစ်စဉ်အတွင်း ဆိုင်ဝန်ထမ်း ဦးမျိုးညွန့်နှင့် ကိုဇော်လင်းနိုင်တို့ ၂ ဦးတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူနှစ်ဦးကို မဏီစလလူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
