၂၅.၇.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျဟာလ်ဝါခရိုင်အတွင်း ပစ်လေ့ာဒ်ကျေးရွာမူလတန်းကျောင်း၏ ကျောင်းအဆောက်အအုံအမိုးမှာ ဇူလိုင်လ ၂၅ ရက်နံနက်က ပြိုကျခဲ့ရာ ကျောင်းသားငယ် အနည်းဆုံး လေးဦး သေဆုံးခဲ့ပြီး အပျက်အစီးများအကြားတွင် ပိတ်မိနေသူအချို့ရှိနေနိုင်သေးသည်ဟု စိုးရိမ်မှုများ ရှိနေရကြောင်းလည်း သိရသည်။
သတင်းများအရ ကျောင်းအမိုးပြိုကျမှုကြောင့် သေဆုံးသူ အနည်းဆုံးလေးဦးနှင့် ပြင်းထန်စွာဒဏ်ရာရခဲ့သူ ရှစ်ဦးရှိကြောင်း သိရသည်။ ကျောင်းသားများက နံနက်ခင်း ဆုတောင်းမေတ္တာပို့ကြရန်အတွက် စုရုံးနေကြစဉ် ကျောင်းအဆောက်အအုံအမိုးက ထိုကဲ့သို့ ပြိုကျခဲ့ခြင်းဟုလည်း သိရသည်။
ဒန်ဂီပူရာမြို့၏ ရဲစခန်းမှူး ဗီဂျန်ဒရာဆင်းက ဒဏ်ရာရကလေးများအား ချက်ချင်းပင် ဂျဟာလ်ဝါခရိုင် ဆေးရုံသို့ပို့ပေးခဲ့ကြောင်း ပြောခဲ့သည်။ ၎င်းက သေဆုံးသူလေးဦးတွေ့ရှိခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း ၃၂ ဦးရှိကြောင်း၊ ပြင်းထန်စွာဒဏ်ရာရခဲ့သူရှစ်ဦးအနက် နှစ်ဦးကိုမူ ပို၍အဆင့်မြင့်သောဆေးရုံသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း ၎င်းကဆိုသည်။
ထိုကျောင်းအမိုးပြိုကျမှုက ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆင်းက ထိုအချိန်က အခန်း ၆ နှင့် အခန်း ၇ တို့တွင် ကျောင်းသား ၃၂ ဦးရှိနေခဲ့သေးသော်လည်း ၎င်းတို့အားလုံးကိုမူ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။
ရာဂျာစတန်ပြည်နယ် အစိုးရအဖွဲ့ ပညာရေးဝန်ကြီး ပာဒန်ဒီလာဝါက အဖြစ်အပျက်အတွက် အလွန်ပင် စိတ်မကောင်းဖြစ်ရပါကြောင်း၊ အသေးစိတ်စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဒဏ်ရာရသူများကိုလည်း သင့်တော်သောဆေးကုသမှုများပြုလုပ်ပေးရန် အာမခံကြောင်းပြောခဲ့သည်။
လူမှုကွန်ရက်ပေါ်မှ ဗီဒီယိုများတွင် ပြည်သူများရာနှင့်ချီ၍ ကျောင်းအဆောက်အအုံအမိုးပြိုကျသည့်နေရာသို့ ရောက်ရှိလာကြပြီး အပျက်အစီးအုတ်ပုံများကို လက်များဖြင့်ပင် ဖယ်ရှားကာ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ရန်ကြိုးစားနေကြသည်ကိုလည်း တွေ့ရှိရသည်။ အတည်မပြုနိုင်သောသတင်းအချို့ကလည်း အပျက်အစီးများအောက်တွင် ပိတ်မိနေသူ ၄၀ ခန့် ရှိနေနိုင်ကြောင်း ပြောခဲ့ကြသည်။
Ref- Hindustan Times


