၂၅. ၇. ၂၀၂၅
Written by Thiri
သောင်းရင်းမြစ်ရေလျှံနေပြီး ရပ်ကွက်ထဲကနေအိမ်တချို့ ရေနစ်မြုပ်နေလို့ ရေဘေးလွတ်ရာ ယာယီတိမ်းရှောင်နေထိုင်စဉ် နှစ်ချို့ကုက္ကိုလ်ပင်လဲကျရာက ဆယ်နှစ်ကျော်အရွယ်မိန်းကလေးပေါ်ကိုပိမိရာ ခဲရာခဲဆစ်ကယ်ထုတ်ခဲ့ရတဲ့ဖြစ်ရပ်တစ်ခု မနေ့က ဇူလိုင် ၂၄ ရက်နေ့ညက ကရင်ပြည်နယ် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံကူညီကယ်ဆယ်ရေး အသင်းထံကနေ သိရပါတယ်။
ရေဘေးလွတ်တဲ့ အမြင့်ပိုင်းရပ်ကွက်ရဲ့ မြို့ရိုးတာဘောင်ပေါ် ယာယီတဲထိုးနေထိုင်ရင်းက ည ၉ နာရီကျော်အချိန်မှာ အနီးရှိ နှစ်ချို့ကုက္ကိုပင်က မြေသားနူးပြီးပြိုလဲကျခဲ့တာကြောင့် ရေဘေးရှောင် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးပေါ်ကို ပိနေခဲ့တာလို့ သိရပါတယ်။
“သစ်ပင်က လုံးပတ်အားဖြင့် ငါးပေပတ်လည်လောက် ရှိမယ်။ မီးသတ်တပ်ဖွဲ့တွေ၊ မြို့ခံရှာဖွေကယ်ဆယ်ရေးတွေ ပူးပေါင်းကယ်ဆယ်ကြတာမှာ ကလေးကို သုံးနာရီလောက် အချိန်ယူပြီး ခဲရာခဲဆစ် ထုတ်ယူခဲ့ရပါတယ်။ အသက်အန္တရာယ်တော့ကင်းပါတယ်။ ပြင်းထန်ဒဏ်ရာတွေတော့ ရတာပေါ့” လို့ မြဝတီအခြေစိုက် အလင်းသစ်ပရဟိတအသင်းထံကနေ သိရပါတယ်။
အဆိုပါ မိန်းကလေးငယ်ကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ည ၁၁ နာရီအချိန်မှာ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး မြဝတီခရိုင်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မြဝတီမြို့မြစ်ကမ်းနားနီးတဲ့ အနိမ့်ပိုင်းရပ်ကွက်အတွင်း ရေက တစစပြန်ကျနေပြီဖြစ်ပေမယ့် သောင်းရင်းမြစ်ရေကတော့ စိုးရိမ်ရေမှတ် အထက်မှာ ဆက်လက်ရှိနေဆဲလို့ သိရပါတယ်။


