၂၅. ၇. ၂၀၂၅
Translated by Tha Doe
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဒုတိယရက်အဖြစ် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းအချိန်က ထိုင်းစစ်သားသုံးဦးမှာ ဆူရင်ပြည်နယ် တာခွဲဘုရားကျောင်းတွင် တာဝန်ထမ်းဆောင်နေစဉ် သေဆုံးခဲ့ကြောင်း အမှတ် (၂) စစ်တိုင်းဌာနချုပ်က အတည်ပြုခဲ့သည်။
ကမ္ဘောဒီးယားဘက်မှ BM-21 ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှုများစွာမှာ အရပ်ဘက်ဧရိယာများဖြစ်သည့် ရပ်ကွက်များ၊ စာသင်ကျောင်းများနှင့် ဘုရားကျောင်းများအပါအဝင် ပစ်ခတ်ခဲ့မှုများအတွင်း ထိုင်းစစ်သားသုံးဦး ထပ်မံသေဆုံးရခြင်းလည်းဖြစ်သည်။
ကျဆုံးသွားသော စစ်သည်များမှာ တပ်ကြပ်ကြီး နော့ဖ်ဖဒေါလ်ဘွန်းလတ်( ထောက်လှမ်းရေးတပ်ခွဲ ၆)၊ တပ်ကြပ်ကြီး ခရစ်ဆဒါ နွိုင်းကော့ (ခြေလျင်တပ်မ ၆) နှင့် တပ်ကြပ်ကြီး ဂျီရာယုစင်းအွန် (ထောက်လှမ်းရေးတပ်ခွဲ ၆) တို့ဖြစ်ပြီး ထိုတိုက်ခိုက်မှုအတွင်း တပ်ကြပ်ကြီး ဆွတ်သီချိုင် ရူရွမ် ဒဏ်ရာရရှိခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများမှ ထိခိုက်မှုများအပေါ် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗာရော့ ချို့တ်ပီတာရာဆူနွန်၏ ယမန်နေ့ည ၉ နာရီအထိ စာရင်းများအရ ထိုင်းစစ်သားတစ်ဦးနှင့် အရပ်သား ၁၄ ဦး၊ စုစုပေါင်း ၁၅ ဦး သေဆုံးကြောင်း အတည်ပြုထားသည်။
ထိခိုက်ဒဏ်ရာရသူများမှာ အရပ်သား ၃၁ ဦးနှင့် စစ်သား ၁၅ ဦးဖြစ်ပြီး ထိခိုက်ဒေသများမှ အရပ်သား ၁၃၁,၄၅၆ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကာ အဆိုပါပြည်သူများ ရွှေ့ပြောင်းစဥ် ဆေးရုံတက်လူနာ ၂၉၂ ဦးကိုပါ နေရာရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။
Ref, Khaosod


