၂၅. ၇ . ၂၀၂၅
Translated by Tha Doe
ကြာသပတေးနေ့က ရုရှားခရီးသည်တင်လေယာဉ် An-24 တစ်စင်း မထွက်ခွာမီ ဆင်းခွင့်တောင်းခံခဲ့သည့် အမျိုးသမီးကြီးတစ်ဦးသည် အသက် သေစေနိုင်သည့် လေယာဉ် မတော်တဆမှုမှ လွတ်မြောက်ခဲ့ကြောင်း သူမ၏မိသားစုက “အံ့ဖွယ်” ဖြစ်ရပ်အဖြစ် ဖော်ပြခဲ့သည်။
အသက် ၅၅ နှစ်အရွယ် မာရီနာ အာဗလျန် (Marina Avalyan) သည် သူမ၏ ခရီးဆောင်အိတ်များနှင့်အတူ Angara လေကြောင်းလိုင်း လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့သည်။ လေယာဉ်ပေါ်ရောက်ပြီးချိန် သူမ၏ မြေးမလေး ဖျားနေကြောင်း သမီးဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ ထို့အတွက် မိုးရွာသွန်းမှုကြောင့် ထွက်ခွာရန် နှောင့်နှေးနေသည့် လေယာဉ်ပေါ်မှ သူမကို ဆင်းခွင့်ပြုခဲ့သည်။
ဆိုဗီယက်ခေတ်ထုတ် Antonov An-24 turboprop လေယာဉ်သည် ကြာသပတေးနေ့က ရုရှားအရှေ့ဖျားဒေသတွင် ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါရှိသူ ၄၈ ဦးလုံး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် မိသားစုလိုက်၊ ကလေးငယ်များနှင့် လေယာဉ်အမှုထမ်းများ ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Ms. Avalyan က သမီးဖြစ်သူ မိသားစုနှင့် တွေ့ဆုံပြီးနောက် Blagoveshchensk မှ Tynda ရှိ သူမ၏နေအိမ်သို့ ပြန်ရန် လေယာဉ်စီးခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ထွက်ခွာရန် စောင့်ဆိုင်းနေစဉ်တွင် သူမ၏မြေးမလေး ရုတ်တရက် ပျို့အန်ပြီး ဗိုက်နာလာကြောင်း သမီးဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ မြေး၏ဖခင်က သမီးကြီးကို ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် လိုက်ပို့နေသောကြောင့် မာရီနာကို ကလေးငယ်ကို ပြုစုပေးရန် အိမ်ဆီပြန်လာဖို့ တောင်းဆိုခဲ့သည်။

ထိုအချိန်က Tynda တွင် မိုးရွာသွန်းမှုကြောင့် ထွက်ခွာရန် နှောင့်နှေးခဲ့သည့် လေယာဉ်သည် Ms. Avalyan အိတ်များ ပြန်ယူပြီး လေဆိပ်မှ ထွက်ခွာရန် စောင့်ဆိုင်းပေးနေသကဲ့သို့ အချိန်လုံလောက်စွာ ရရှိခဲ့သည်။ သူမ သမီးဖြစ်သူ၏အိမ်သို့ ရောက်ရှိချိန်တွင် ကလေး၏ ရောဂါလက္ခဏာများ သက်သာသွားခဲ့သည်။ ထိုအချိန်တွင်မှ လေယာဉ်ပျက်ကျမှုသတင်းကို သူမ ကြားသိခဲ့ရသည်။
“သူမ တကယ်ပဲ လေယာဉ်ပေါ်က ဆင်းခဲ့တာ။ အိတ်တွေ ပြန်ယူပြီး အိမ်ပြန်ခဲ့တာပါ” ဟု သူမ၏ ခဲအိုဖြစ်သူ Samvel က ပြည်တွင်းမီဒီယာ Pravda.ru သို့ ပြောကြားခဲ့သည်။ သူမ၏ မိသားစုက အချိန်ကိုက်ဖြစ်မှုအား “အံ့ဖွယ်” အဖြစ် ဖော်ပြခဲ့သည်။
An-24 လေယာဉ်သည် တရုတ်နိုင်ငံနှင့် ရုရှားနယ်စပ်အနီးရှိ Blagoveshchensk မြို့မှ ထွက်ခွာခဲ့ပြီး Baikal-Amur Mainline ပေါ်ရှိ အရေးကြီးသော မီးရထားလမ်းဆုံအဖြစ် ဆောင်ရွက်သည့် Amur ဒေသရှိ ဝေးလံခေါင်သီသော Tynda မြို့သို့ ဦးတည်နေခြင်းဖြစ်သည်။ ဒေသစံတော်ချိန် ညနေ ၁ နာရီခန့်တွင် လေကြောင်းထိန်းချုပ်ရေးနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ လေယာဉ်၏ မီးလောင်နေသော ကိုယ်ထည်ကို Tynda မှ ၁၅ ကီလိုမီတာခန့်အကွာ သစ်တောဖုံးလွှမ်းနေသော တောင်စောင်းတစ်ခုပေါ်တွင် နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
၁၉၇၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော လေယာဉ်သည် မကြာသေးမီက နည်းပညာစစ်ဆေးမှု အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။ ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း လေကြောင်းကျွမ်းကျင်သူများက ထိုအချိန်က ရာသီဥတုဆိုးရွားမှုနှင့် လေယာဉ်သည် ပထမဆုံး ဆင်းသက်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ခြင်းတို့သည် စုံစမ်းစစ်ဆေးမှုတိုင်းတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်လာမည်ဟု အကြံပြုခဲ့သည်။ တာဝန်ရှိသူများက လေယာဉ်သည် ပထမအကြိမ် ဆင်းသက်ရန် ကြိုးပမ်းမှု ဖျက်သိမ်းပြီးနောက် Tynda ရှိ လေယာဉ်ပြေးလမ်းသို့ ဒုတိယအကြိမ် ချဉ်းကပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားမီဒီယာများက ထုတ်ပြန်ခဲ့သော ဓာတ်ပုံများတွင် အပျက်အစီးများကို ပထမဆုံးအကြိမ် တွေ့ရှိချိန် မီးခိုးလုံးများ ထူထဲစွာ ထွက်ပေါ်နေသည်ကို ပြသခဲ့သည်။ ပျက်ကျသည့်နေရာသို့ လမ်းမပေါက်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များသည် သစ်တောထူထပ်သော နေရာများမှတစ်ဆင့် လမ်းကြောင်းကို စက်ယန္တရားကြီးများ အသုံးပြု၍ သွားရောက်ခဲ့ရသည်။

လေကြောင်းသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေး စည်းမျဉ်းများကို ချိုးဖောက်သည်ဟု သံသယရှိ၍ ရာဇဝတ်မှုဆိုင်ရာ အမှုဖွင့်လှစ်ထားပြီး ကျွမ်းကျင်သော မှုခင်းဆေးဘက်ဆိုင်ရာ အဖွဲ့များကိုလည်း ရုပ်အလောင်းများ ပြန်လည်ရယူရန်နှင့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် စေလွှတ်ခဲ့သည်။ သေဆုံးသူ ၄၈ ဦးတွင် ခရီးသည် ၄၂ ဦး (ကလေး ၅ ဦး အပါအဝင်) နှင့် လေယာဉ်အမှုထမ်း ၆ ဦး ပါဝင်သည်။ သေဆုံးသူများထဲတွင် ဇနီးဖြစ်သူ Natalia ၊ ၁၈ လသားအရွယ် သမီးလေး Eva တို့နှင့်အတူ ခရီးသွားနေသည့် Khabarovsk မှ နာမည်ကြီး ကြံ့ခိုင်ရေးနည်းပြ Sergei Shiyan လည်း ပါဝင်သည်။ ၎င်းတို့သည် ဇနီးဖြစ်သူ၏ မွေးရပ်မြို့ဖြစ်သော Tynda သို့ အားလပ်ရက်ခရီး ထွက်ခဲ့ခြင်း ဖြစ်သည်။
အခြားစုံတွဲတစ်တွဲဖြစ်သော Alexander Mamedov နှင့် Elena Mamedova တို့သည် ၎င်းတို့၏ ၁၀ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပရန် သွားရောက်နေခြင်း ဖြစ်သည်။ ၎င်းတို့၏ မိသားစုက လေယာဉ်ပျက်ကျမှုသတင်းကို သတင်းမီဒီယာများမှတစ်ဆင့် သိရှိခဲ့ရသည်။
အသက် ၂၅ နှစ်အရွယ် Irina Alexandrikova နှင့် ၎င်း၏ ၆ နှစ်အရွယ်သားလေး Sergei Ochkin တို့လည်း ပျက်ကျမှုတွင် သေဆုံးခဲ့သည်။ ထိုကလေးငယ်သည် ခွဲစိတ်မှုခံယူပြီးနောက် Blagoveshchensk မှ အိမ်သို့ ပြန်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် ယခင်ညက Amur မြစ်ဘေးတွင် အတူတူ ဓာတ်ပုံရိုက်ခဲ့ကြသည်။
အသက် ၅၅ နှစ်အရွယ် အဖွားဖြစ်သူ Elena Velikanova က လေယာဉ်ပေါ်တက်ပြီးနောက် သူမ၏မိသားစုထံသို့ “လေယာဉ်ပေါ်ရောက်ပြီ၊ လာတွေ့ပါဦး” ဟု စာတိုတစ်စောင် ပို့ခဲ့သည်။ သူမသည် သူမ၏ ၈ နှစ်အရွယ်မြေးမလေးကို နွေရာသီကျောင်းပိတ်ရက်အတွက် အိမ်သို့ ပြန်လိုက်ပို့ရန် စီစဉ်ထားခဲ့သည်။ သူမ၏မိသားစုသည် ယခုအခါ ကလေးငယ်ကို သူမသေဆုံးမှုအကြောင်း ရှင်းပြရန် ရုန်းကန်နေရသည်။
၂၀၀၇ ခုနှစ်မှစ၍ လေကြောင်းလုပ်ငန်းတွင် နှစ်ရှည်အတွေ့အကြုံရှိသော လေယာဉ်မယ် Anastasia Bessmertnaya သည် သေဆုံးခဲ့သည့် လေယာဉ်အမှုထမ်းများထဲတွင် ပါဝင်သည်။ သူမ၏ ခင်ပွန်းဖြစ်သူ လေယာဉ်အင်ဂျင်နီယာသည် ၂၀၁၁ ခုနှစ်က ပြင်းထန်သော လေယာဉ်ပျက်ကျမှုတစ်ခုမှ အသက်ရှင်ကျန်ရစ်ခဲ့ဖူးသည်။ ၎င်းတို့တွင် သမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။
လေယာဉ်မှူး Vyacheslav Logvinov သည် ကံဆိုးမိုးမှောင်ကျခဲ့သော လေယာဉ်ကို ပြေးဆွဲခဲ့သည့် Angara လေကြောင်းလိုင်းနှင့် အလုပ်လုပ်ခဲ့သူဖြစ်သည်။ Irkutsk အခြေစိုက် ကုမ္ပဏီသည် ဝေးလံခေါင်ဖျားပြီး ရေခဲထူထပ်သော ဒေသများတွင် ခိုင်ခံ့မှုနှင့် ယုံကြည်စိတ်ချရမှုတို့ကြောင့် “ပျံသန်းနေသော ထွန်စက်များ” ဟု အမည်ပြောင်ပေးခံထားရသည့် An-24 များကို ဆက်လက်အသုံးပြုနေဆဲ ရုရှားဒေသတွင်း လေကြောင်းလိုင်း အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

RussianPlanes ဒေတာဘေ့စ်အရ ဆိုဗီယက်ခေတ်အတွင်း An-24 စီးရေ ၁,၃၄၀ ကို တည်ဆောက်ခဲ့သည်။ ၎င်းတို့အနက် ၈၈ စီး ပျက်ကျခဲ့ပြီး ၆၅ စီးမှာ ပြင်းထန်သော မတော်တဆမှုများတွင် ပါဝင်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ ကမ္ဘာတစ်ဝှမ်းတွင် ၇၅ စီးသာ ဆက်လက်အသုံးပြုလျက်ရှိသည်။ မြောက်ကိုရီးယား၊ ကာဇက်စတန်၊ လာအို၊ ကျူးဘား၊ အီသီယိုးပီးယား၊ မြန်မာ နှင့် ဇင်ဘာဘွေ ကဲ့သို့သော နိုင်ငံများက ထိုလေယာဉ်မော်ဒယ်ကို ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။
ရုရှားအစိုးရသည် TVRS-44 Ladoga အမည်ရှိ မော်ဒယ်သစ်အတွက် သက်တမ်းရင့်လေယာဉ်များကို ဖျက်သိမ်းရန် ယခင်က ကတိပြုခဲ့သော်လည်း ၂၀၂၇ ခုနှစ်အထိ ထုတ်လုပ်မှု စတင်မည်ဟု မမျှော်လင့်ရသေးပေ။ ယခင်သမ္မတ Dmitry Medvedev က ၂၀၁၁ ခုနှစ်တွင် ဆိုက်ဘေးရီးယား၌ အလားတူ လေယာဉ်ပျက်ကျမှုကြောင့် လူ ၇ ဦး သေဆုံးပြီးနောက် An-24 လေယာဉ်များကို မြေပြင်တွင် ရပ်နားရန် အဆိုပြုခဲ့သည်။
သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) သည် အစိုးရအစည်းအဝေးတစ်ခုတွင် သေဆုံးသူများကို အောက်မေ့ဖွယ် တစ်မိနစ်ငြိမ်သက်ခဲ့ပြီး ဝမ်းနည်းနေသော မိသားစုများအား ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကလည်း သူ၏ ဝမ်းနည်းကြောင်းကို ဖော်ပြခဲ့ပြီး သေဆုံးသူများထဲတွင် တရုတ်နိုင်ငံသား အနည်းဆုံးတစ်ဦး ပါဝင်ကြောင်း သတင်းရရှိသည်။
တာဝန်ရှိသူများက လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ရာဇဝတ်မှု၊ အုပ်ချုပ်ရေးနှင့် နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုများစွာကို စတင်ခဲ့ပြီး အစိုးရကော်မရှင်တစ်ခုကိုလည်း အကျိုးဆက်များကို ကိုင်တွယ်ရန် ခန့်အပ်ထားသည်။
Ref, Independent
