၂၅. ၇. ၂၀၂၅
Translated by Nay Moe
ထိုင်းအမျိုးသားရေးသမားအုပ်စုတစ်စုက ဘန်ကောက်ရှိ စျေးတစ်ခုတွင် မြန်မာနိုင်ငံသားနှစ်ဦးကို ကမ္ဘောဒီးယားလူမျိုးများဟု မှားယွင်းယုံကြည်ကာ တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှု ရုပ်သံ ပျံ့နှံ့ခဲ့ပြီးနောက် ထိုင်းအင်တာနက်သုံးစွဲသူများက တိုက်ခိုက်သူများကို ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ပြီး နိုင်ငံသားအားလုံးအကြား ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုကို တောင်းဆိုခဲ့သည်။

အဆိုပါ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုကို Facebook စာမျက်နှာ ซีนิว วิวเวอร์ 4K (Cnew Official) က ဇူလိုင် ၂၄ ရက်တွင် ဖြစ်စဉ်၏ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များကို မျှဝေပြီးနောက် ထင်ရှားလာခဲ့သည်။ ရုပ်သံဖိုင်ကိုတင်ခဲ့သူက “ဒီဖြစ်စဉ်က ရမ်အင်ထရာဒေသက ဆိုင်နိတ်စျေးမှာ ဖြစ်ခဲ့တာပါ။ မျိုးချစ်စိတ်ရှိတယ်လို့ ပြောတဲ့ ထိုင်းအမျိုးသားအုပ်စုတစ်စုက အလုပ်သမားနှစ်ယောက် အစားအသောက်ဝယ်နေတုန်း တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့က မြန်မာတွေပါ၊ ကမ္ဘောဒီးယားတွေ မဟုတ်ပါဘူး။ ဒါက လက်မခံနိုင်စရာပါ!”ဟု ရေးသားမျှဝေခဲ့သည်။
ဗီဒီယိုထဲတွင် ထိုင်းအမျိုးသားရေးအုပ်စုသည် လိမ္မော်ရောင်အင်္ကျီဝတ် အလုပ်သမားနှစ်ဦးဆီ ချဉ်းကပ်ကာ “ဘယ်ကလဲ” ဟု မေးမြန်းနေသည်ကို တွေ့ရသည်။ သားကောင်များ မတုံ့ပြန်မီ အုပ်စုထဲမှ အမျိုးသားတစ်ဦးက ၎င်းတို့ထဲမှတစ်ဦး၏မျက်နှာကို လက်သီးဖြင့်ထိုးလိုက်ရာ လဲကျသွားခဲ့သည်။
ထို့နောက် အနီရောင်အင်္ကျီဝတ်ထိုင်းအမျိုးသားတစ်ဦးက ၎င်းတို့၏ နိုင်ငံသားဖြစ်မှုကို ထပ်မံမေးမြန်းခဲ့သည်။ သားကောင်များက ၎င်းတို့သည် မြန်မာလူမျိုးဖြစ်ကြောင်း ပြောကြားသောအခါ ထိုအမျိုးသားက “ကောင်းပြီ၊ ကမ္ဘောဒီးယား မဟုတ်ဘူးနော်” ဟု ပြောပြီး ထွက်သွားသည်ကို ကြားလိုက်ရသည်။
မြန်မာအလုပ်သမားနှစ်ဦး၏ မန်နေဂျာက တိုက်ခိုက်ခံရပြီးနောက် ခန်နာယာအို ရဲစခန်းတွင် ရဲတိုင်ချက်ဖွင့်ရန် ထိုးနှက်ခံရသည့် မြန်မာလုပ်သားများနှင့်အတူ လိုက်ပါသွားခဲ့ကြောင်း Hone Krasaw သတင်းအစီအစဉ်သို့ ပြောကြားခဲ့သည်။
၎င်းက ထိုင်းလူမျိုးများကိုလည်း အလားတူ အကြမ်းဖက်မှုမျိုး မကျူးလွန်ရန် တိုက်တွန်းခဲ့ပြီး ဤရွှေ့ပြောင်းအလုပ်သမားများသည် နယ်စပ်ပဋိပက္ခတွင် လုံးဝပတ်သက်မှုမရှိကြောင်း ထောက်ပြခဲ့သည်။

တိုက်ခိုက်သူအုပ်စုသည် ငါးဆိုင်တစ်ခုတွင် ကမ္ဘောဒီးယားအလုပ်သမားတစ်ဦးကို ယခင်က တိုက်ခိုက်ခဲ့သည့် ဂိုဏ်းနှင့် အတူတူပင်ဖြစ်သည်ဟု ယုံကြည်ရသည်။ ယခင်ဖြစ်စဉ်တွင် အနီရောင်အင်္ကျီဝတ် အမျိုးသား၊ ယခင် ထိုင်းလက်ဝှေ့သမားဟောင်းဟု သတင်းရရှိသူသည် ကမ္ဘောဒီးယားသားကောင်ကို ပါးရိုက်ခဲ့သည်ကို ရိုက်ကူးထားသည်။
လက်ဝှေ့သမားဟောင်းက ကမ္ဘောဒီးယားအမျိုးသားအား ၎င်း၏မိခင်ဘာသာစကားဖြင့် ကင်မရာကို စကားပြောရန် တောင်းဆိုခဲ့ပြီး ကမ္ဘောဒီးယားစစ်တပ်အား အပြစ်မဲ့ပြည်သူများကို ထိခိုက်အောင် မလုပ်ရန် တောင်းဆိုစေခဲ့သည်။ ထိုအမျိုးသားသည် ပါးရိုက်ခံရခြင်းမပြုမီ တိတ်ဆိတ်နေခဲ့ပြီး စိုးရိမ်တကြီး ပြုံးပြခဲ့သည်။
လက်ဝှေ့သမားဟောင်းသည် ထိုင်းအင်တာနက်သုံးစွဲသူများထံမှ ပြင်းထန်သော တုံ့ပြန်မှုကို ရင်ဆိုင်ခဲ့ရပြီး ၎င်း၏ Facebook အကောင့်မှ ဗီဒီယိုကို ဖျက်ပစ်ခဲ့သည်။ ကမ္ဘောဒီးယားလုပ်သားကမူ ရဲတိုင်ချက်ဖွင့်ခဲ့ခြင်း ရှိ၊ မရှိကို မသိရှိရပေ။
Ref , The Thaiger
