◾️ စွမ်းအင်ကဏ္ဍတွင် အရေးကြီးသည့် ကမ်းလွန်စီမံကိန်းများ လေ့လာရေးနှင့် ရှာဖွေရေးလုပ်ငန်းများ မြန်မြန်စတင်နိုင်ရန် ကုမ္ပဏီများကို တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ရန်ပါ မှာကြား
၂၄. ၇. ၂၀၂၅
Written by Nyein Kyaw
လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရေးဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယမန်နေ့က ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၄/၂၀၂၅) အစည်းအဝေးတွင် မှာကြားခဲ့သည်။
စွမ်းအင်ကဏ္ဍတွင် အထူးသဖြင့် ကမ်းလွန်လုပ်ကွက်စီမံကိန်းများသည် အရေးကြီးသည့် စီမံကိန်းများဖြစ်သောကြောင့် ယင်းစီမံကိန်းများကို သတ်မှတ်ချိန်အတိုင်း ဆောင်ရွက်နိုင်ရေး၊ လေ့လာရေးနှင့် ရှာဖွေရေးလုပ်ငန်းများ မြန်မြန်စတင်နိုင်ရန် သက်ဆိုင်ရာကုမ္ပဏီများကို တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
ထို့အပြင် စက်သုံးဆီများကို ပြည်တွင်းတွင် တိုးမြှင့်ထုတ်လုပ်နိုင်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲရမှုကို လျော့နည်းသက်သာစေရန် ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းကို သတ်မှတ်ချိန်အတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ပေးစေလိုကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာသုံးစွဲနိုင်ရေး အစီအမံချမှတ်နိုင်ရန်၊ ဓာတ်အားလျော့နည်းပျောက်ဆုံးမှု မဖြစ်စေရေး စစ်ဆေးရေးအဖွဲ့များဖွဲ့၍ စစ်ဆေးနိုင်ရန်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး ၇ လတာကာလအတွင်း ကော်မရှင်လုပ်ငန်းတာဝန် ၁၅ ချက်ကို ချမှတ်ပေးခဲ့ရာ အတိုင်းအတာတစ်ခုအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
