၂၄ .၇ .၂၀၂၅
Written by Hey Mar
ဒီနေ့ ဇူလိုင်လ ၂၄ ရက် မနက် ၇ နာရီ ၁၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ အသေးစားလေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အဆိုပါလေဆင်နှာမောင်း ဖြတ်သန်းရာ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားရှိ ကွန်တိန်နာတွေ လဲပြိုကျတာ၊ ဝန်ထမ်းအိမ်ရာတချို့နဲ့ သစ်ပင်တချို့ ပြိုပျက် ကျိုးပဲ့တာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင် အမှတ် (၁) ရပ်ကွက်၊ သန်လျက်စွန်းလမ်းရှိ ရေနံလိုင်း၊ မြနန္ဒာရိပ်သာအိမ်ရာနဲ့ မီးပြဝန်းတွင်းက သစ်ပင်များပြိုလဲခြင်း၊ ခေါင်မိုးတွေ လွင့်စင်ခြင်းနဲ့ နေအိမ်အချို့ ပျက်စီးထိခိုက်ခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရပါတယ်။
အလားတူ ရဲရိပ်သာရပ်ကွက်၊ ကမ်းနားကွန်ကရစ်လမ်းရှိ ကုန်သေတ္တာဝင်း(ICD-2)အတွင်းရှိ ကုန်သေတ္တာ (အခွံ) တွေ ပြုတ်ကျခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပါဘူး။
ဒါ့အပြင် ရဲရိပ်သာရပ်ကွက်၊ ဗိုလ်တစ်ထောင်ကမ်းနားရှိ Vintage Luxury Hotel အဝင် ဘောတံတား လျှောက်လမ်းရှိ လေကာမှန်တွေ ကွဲကျတာ၊ အမိုးတွေလန်ကျတာ၊ The Love Boat စားသောက်ဆိုင်သင်္ဘောလည်း ကြိုးပြတ်ကာ မျောပါသွားပြီး Vintage Luxury Hotel သင်္ဘောကို တိုက်မိခဲ့တယ်လို့လည်း ပြည်တွင်းရေကြောင်းနဲ့ မြန်မာ့ဆိပ်ကမ်းရဲ့ ထုတ်ပြန်ချက်တချို့အရ သိရပါတယ်။








