◾ ကမ္ဘောဒီးယားဘက်က စတင်ပစ်ခတ်သည်ဟု ထိုင်းစွပ်စွဲသည်ကို ဟွမ်ဆန်က ထိုင်းစစ်တပ်စတင်ပစ်ခတ်၍ တုံ့ပြန်ရသည်ဟု ဆို
◾ ထိုင်းလေတပ်က ကမ္ဘောဒီးယား၏ ခြေလျင်တပ်မ (၈) နှင့် (၉) ၏ ဌာနချုပ်များ ဖျက်ဆီးခဲ့
သတိုး
၂၄. ၇. ၂၀၂၅
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူနှင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေစီမံခန့်ခွဲရေး အထူးလုပ်ငန်းအဖွဲ့ (SB.TK) အဖွဲ့ဝင် Jirayu Huangsap က အစိုးရအနေဖြင့် SB.TK အစည်းအဝေးနှင့် စစ်တပ်ကိုယ်စားလှယ်များထံမှ နယ်စပ်အခြေအနေနှင့်ပတ်သက်၍ အစီရင်ခံစာ လက်ခံရရှိခဲ့ကြောင်း ကြေညာခဲ့သည်။
အချက်အလက်နှင့် အထောက်အထားများမှ ရှင်းရှင်းလင်းလင်း အတည်ပြုချက်အရ ကမ္ဘောဒီးယားစစ်သားများက ထိုင်းပိုင်နက်ထဲသို့ မောင်းသူမဲ့လေယာဉ်များ ပျံသန်းစေကာ ရန်စသည့်အနေဖြင့် ဦးစွာပစ်ခတ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ထို့နောက် ကမ္ဘောဒီးယားစစ်သားများက ထိုင်းစစ်သားများကို ပစ်ခတ်ခဲ့ပြီး ကမ္ဘောဒီးယားဘက်မှ ၁၂၂ မီလီမီတာ ဒုံးပျံပစ်လောင်ချာများ (BM-21) အပါအဝင် လက်နက်ကြီးများကို ဆက်တိုက်အသုံးပြုကာ ဆူရင်ပြည်နယ် ဖနွန်ဒေါင်ရတ်ခ်ခရိုင်ရှိ နယ်စပ်ဒေသ ထိုင်းအရပ်သားများကို ပစ်ခတ်ခဲ့သည်။
ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ထိုင်းပြည်သူများ၏ နေအိမ်များပေါ်သို့ ကျရောက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အခြားမိသားစုဝင် ၂ ဦးတို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့အတွက် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများက ဒေသခံများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသလို ထိုတိုက်ခိုက်မှုအတွင်း ထိုင်းစစ်သား ၇ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
SB.TK အစည်းအဝေးက ထိုင်းစစ်တပ်သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ဆက်တိုက်တုံ့ပြန်နေကြောင်း အစီရင်ခံစာများ ရရှိခဲ့သည်။ SB.TK က ရှေ့တန်းတပ်ဖွဲ့များအား စစ်မြေပြင်တွင် စစ်ဆင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန် ခွင့်ပြုထားသည်။ နယ်စပ်ဂိတ်များအားလုံးကိုလည်း ယနေ့ နံနက် ၈ နာရီမှစ၍ အားလုံးကို ပိတ်ထားခဲ့သည်။
ယာယီဝန်ကြီးချုပ်အဖြစ် လက်ရှိ တာဝန်ယူထားသည့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Phumtham Wechayachai က သက်ဆိုင်ရာအေဂျင်စီများအားလုံးကို သံတမန်ဆက်ဆံရေးအဆင့်ကို လျှော့ချရန်၊ ကမ္ဘောဒီးယားဆိုင်ရာ ထိုင်းသံအမတ်ကို ပြန်လည်ခေါ်ယူရန်နှင့် ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကို ၎င်းတို့နိုင်ငံသို့ ပြန်လည်စေလွှတ်ရန် အမိန့်ပေးထားသည်။
ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြီးခဲ့သည့် ၇ လအတွင်း ကမ္ဘောဒီးယားဘက်မှ ထိုင်းနိုင်ငံကို မည်သို့ချိုးဖောက်ခဲ့ပုံ၊ ရန်စခဲ့ပုံနှင့် စစ်ဖြစ်ရန် အခြေအနေများ ဖန်တီးခဲ့ပုံတို့နှင့်ပတ်သက်၍ ဆောင်ရွက်ရန် တာဝန်ပေးထားသည်။ စတင်ပစ်ခတ်ခဲ့ပုံမှစ၍ စိုက်ပျိုးခင်းများ တူးဖော်ခြင်း၊ မြေဖို့ခြင်း၊ တပ်များရုပ်သိမ်းသွားပြီး မြေမြှုပ်မိုင်းများစွာ ချန်ထားခဲ့ခြင်းနှင့် ထိုင်းစစ်သားများ မကြာသေးမီက ထောင်ထားသော ပေါက်ကွဲပစ္စည်းများကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အထောက် အထားများအထိ အစမှနေ၍ အထောက်အထားများ ပြင်ဆင်ရန်လည်း တာဝန်ပေးထားသည်။
“ယခင်က လှည့်ကင်းလှည့်စဉ်မှာ ဒါတွေမရှိခဲ့ဘူးဆိုတာ သက်သေပြနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အသစ်ထပ်ထောင်ထားတဲ့ ပေါက်ကွဲပစ္စည်းတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အသင့်တော်ဆုံး အဆင့်အထိ တုံ့ပြန်ခဲ့ပြီးပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
နောက်ဆုံးသတင်းများအရ ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်သော BM-21 ဒုံးပျံသည် စီဆာကတ်ပြည်နယ် ကန်တာရာလတ်ခ်ခရိုင် ဘန်ဖူးရှိ PTT ဓာတ်ဆီဆိုင်ကို ထိမှန်ခဲ့သည်။ ထိုဖြစ်စဥ်ကြောင့်မီးလောင်မှုဖြစ်ခဲ့ရသလို သေဆုံးသူ ၂ ဦးရှိပြီး ကျောင်းသားများနှင့် အရပ်သားများစွာ ဒဏ်ရာရရှိခဲ့ကာ ဘန်ကာများသို့ ရွှေ့ပြောင်းနေရသည်။
ထိုနည်းတူ ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်သည့် BM-21 ဒုံးကျည်သည် Phanom Dong Rak ဆေးရုံဝန်းအတွင်း ထိမှန်ခဲ့သည်ဟု သိရပြီး ထိုင်းစစ်တပ်မှ တပ်သားများ ဆေးရုံအတွင်း ပုန်းအောင်းနေသည်ကိုလည်း လူမှုမီဒီယာတွင် တွေ့ရှိရသည်။
ယနေ့နံနက်ပိုင်းတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခပြီးနောက် ထိုင်းတော်ဝင်လေတပ်၏ သေနာပတိက F-16 တိုက်လေယာဉ် ၆ စီးကို တပ်ဖြန့်ချရန် အမိန့်ပေးခဲ့သည်။ အဆိုပါ ပဋိပက္ခသည် ဥဘွန်ရာချာဌာနီပြည်နယ် နမ်ယွမ်ခရိုင် ချောင်အန်မာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဒုတိယတိုင်းစစ်ဒေသ၏ တရားဝင်စာမျက်နှာက F-16 များက ကမ္ဘောဒီးယား၏ ခြေလျင်တပ်မ ၈ နှင့် ၉ ၏ ဌာနချုပ်များ ဖျက်ဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
စစ်ပွဲစတင်မှုကို ထိုင်းနိုင်ငံဘက်က ကမ္ဘောဒီးယားမှ စတင်ပစ်ခတ်သည်ဟု စွပ်စွဲခဲ့သော်လည်းကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်ကမူ စစ်ပွဲကို ထိုင်းနိုင်ငံက ဦးစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားစစ်တပ်အနေဖြင့် ပြန်လည်တိုက်ခိုက်ရန်မှအပ အခြားရွေးချယ်စရာ မရှိခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် လူမှုမီဒီယာပေါ် ရေးသားခဲ့သည်။
Ref, Khaosod & RT




