၂၄. ၇ .၂၀၂၅
Written by Hey Mar
ဒီနေ့ ဇူလိုင်လ ၂၄ ရက် မနက်အစောပိုင်းက ရန်ကုန်မြို့ နေရာအရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်ခဲ့ရာ ရန်ကုန်မြစ်တွင်း ဗိုလ်တထောင် ဆိပ်ကမ်းနဲ့ ဒလမြို့ သမ္မတကမ်းခြေရွာဘက်ကို ပြေးဆွဲနေတဲ့ ကူးတို့သမ္ဗာန်တစ်စီး မြစ်အတွင်းရေလည်ခေါင်မှာ တိမ်းမှောက်ခဲ့ပြီး လူသုံးဦး ပျောက်ဆုံးလျက်ရှိတယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားခဲ့တာက မနက် ၇ နာရီ မိနစ် ၃၀ အချိန်ခန့်က ဖြစ်ပြီး ဒလမြို့နယ်ရှိ သမ္မတကမ်းခြေသမ္ဗာန်ဆိပ်မှ ဗိုလ်တထောင်ဆိပ်ကမ်းဆီ သမ္ဗာန်ရေယာဥ်မောင်း ဦးမြင့်ဆွေအပါအဝင် ခရီသည် ၁၀ ဦး တင်ဆောင်ကာ ထွက်ခွာလာစဥ် ရေလယ်အရောက် လေဆင်နှာမောင်းတိုက်ရာမှ သမ္ဗာန်နစ်မြှပ်မှု ဖြစ်ပွားခဲ့တာကြောင့် ခရီးသည် ၂ ဦး အမည် (စိစစ်ဆဲ) နဲ့ သမ္ဗာန်မောင်းနှင်သူ ဦးမြင့်ဆွေတို့ ပျောက်ဆုံးလျက်ရှိတယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။
ဗိုလ်တထောင်အခြေပြု လူမှုကူညီရေး အသင်းတချို့ဆက်သွယ်မေးမြန်းမှုအရ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေးဆင်းဖို့ကို မြစ်ထဲမှာ လေကြမ်းပြီး လှိုင်းရှိနေပါတယ်။ ရေလည်းအတော်ပြည့်နေတဲ့အတွက် ကျွမ်းကျင်သူတွေ ရေပြင်ရှာကယ် ပစ္စည်းကိရိယာ အစုံအလင်ပါမှ ထွက်နိုင်မယ့် အနေအထားပါ။ ကယ်လို့ဆယ်လို့ ရတဲ့သူတွေလည်း အကုန် ကမ်းပေါ် အန္တရာယ်ကင်းကင်းနဲ့ ရောက်ရှိနေပါပြီ။ ရေစီးနဲ့ မျောပါ ပျောက်ဆုံးသူတွေကိုတော့ ရှာဖွေကယ်ဆယ်ဖို့ မ စနိုင်သေးတာပါ” လို့ ပြောပါတယ်။
အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မြန်မာ့ဆိပ်ကမ်းပိုင် ဆိပ်ခံဗောတံတားတချို့လည်း ပျက်စီးခဲ့ကာ ကမ်းနားရှိ အဆောက်အဦတချို့နဲ့ အတွဲလိုက် ကျောက်ချကာ ကမ်းကပ်ရပ်နားထားတဲ့ သင်္ဘောတချို့လည်း လှိုင်းပုတ်ရိုက်ခတ်မှု ကြောင့် တစ်စီးနဲ့တစ်စီး ပွတ်တိုက်ထိခိုက်ကာ ပျက်စီးမှု တချို့ ရှိခဲ့ကြောင်း သိရှိရပါတယ်။











