◾ ကမ္ဘောဒီးယားအနေနှင့် ဤကိစ္စတွင် ပြန်လည်တိုက်ခိုက်ရန်မှလွဲ၍ အခြားလမ်းမရှိဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြား
၂၄.၇.၂၀၂၅
Translated by Htwe Ko Tun
ကမ္ဘောဒီးယားစစ်တပ်က နယ်စပ်ဒေသရှိ ဆူရင်ပြည်နယ်အတွင်းမှ ထိုင်းစစ်ဖက် အခြေစိုက်စခန်းကို ဇူလိုင်လ ၂၄ ရက်မှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပစ်ခတ်ခဲ့သလို နယ်စပ်ဒေသတွေမှာလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ထိုင်းသံရုံးက ထိုင်းနိုင်ငံသားတွေ ကမ္ဘောဒီးယားမှ ပြန်လည်ထွက်ခွာကြဖို့ ဇူလိုင်လ ၂၄ ရက်မှာပဲ ကြေညာချက်ထုတ်ခဲ့ပါတယ်။
လူမှုကွန်ရက်မှာတင်ထားတဲ့ ကြေညာချက်မှာ သူတို့အနေနဲ့ အရေးပေါ်အကြောင်းကိစ္စရပ်တွေမရှိခဲ့ရင် တတ်နိုင်သမျှအမြန်ဆုံး ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာကြဖို့ ထိုင်းသံရုံးက ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကတော့ ဒီမနက်မှာ နှစ်ဖက်တပ်တွေ နယ်စပ်မှာတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရတာမှာ ထိုင်းနိုင်ငံက ကျူးကျော်သူဖြစ်တယ်လို့ ဇူလိုင် ၂၄ ရက် နံနက်မှာပဲ ပြောခဲ့ပါတယ်။
ထိုင်းစစ်တပ်ဟာသူ့ရဲ့ ထိုးစစ်ဆင်မှုပထဝီဝင်နယ်ပယ်ကို ချဲ့ထွင်ပြီး ကမ္ဘောဒီးယားနိုင်ငံ အော့ဒါမင်ချေး(Oddar Meanchey) ပြည်နယ်အတွင်းရှိ စစ်ဘက်ဆိုင်ရာ စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဟွန်မာနက်က ပြောခဲ့ပါတယ်။
သူက “ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ပြဿနာတွေကို အေးဆေးငြိမ်းချမ်းစွာဖြေရှင်းဖို့ မူဝါဒကို အမြဲလက်ကိုင်ထားပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာ လက်နက်ကိုင်ကျူးကျော်တာကို တုံ့ပြန်ဖို့ကလွဲလို့ တခြားရွေးစရာလမ်း ကျွန်တော်တို့မှာမရှိဘူး” လို့ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ချွမ်ဆော့အိသ်က မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံ၊ ဆူရင်ပြည်နယ်အတွင်း ပရာဆတ် သာမွန်သုမ်ဘုရား ကျောင်းတစ်ဝိုက်မှာ ထိုင်းစစ်တပ်က သံဆူးကြိုးတွေချခဲ့ပြီးနောက် ဇူလိင် ၂၄ ရက်နံနက်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကလည်း ကမ္ဘောဒီးယားစစ်သားတွေအနေနဲ့ ပြန်လည်တိုက်ခိုက်ဖို့ကလွဲလို့ တခြားလမ်းမရှိဘူးလို့ လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပါတယ်။ သူက ကမ္ဘောဒီးယားပြည်သူတွေစိုးရိမ်ပူပန်မှုမရှိကြဖို့နဲ့ ကြောက်ရွံ့ထိတ်လန့်ပြီး စတိုးဆိုင်မှာ ဆန်တွေ ကြိုဝယ်နေဖို့မလိုပါဘူးလို့ ပြောခဲ့ပါတယ်။
Ref- Bangkok Post
.
