၂၃. ၇. ၂၀၂၅
Written by Thettant
ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက မြောက်ပိုင်းမြို့ဖြစ်တဲ့ မိုင်းပေါက်မြို့ ရေကြီးမှုမှာ ရေမြုပ်သွားတဲ့ Alphard ယာဥ်ကို သွားရောက်ကယ်တင်တဲ့ UWSA ‘ဝ’ပြည်နယ် ရဲဌာန တရားရေးဌာနချုပ်က ရဲတပ်ဖွဲ့ဝင် အိုက်ချင်ဟွာဟာ ကားတံခါးဖွင့်နေစဥ်မှာ လှိုင်းလုံးပုတ်မြောပါသွားလို့ ကားထဲကလူတွေကို ကယ်တင်နိုင်မှုမရှိတဲ့အပြင် အိုက်ချင်ဟွာပါ ရေထဲမြောပါသွားလို့ အားလုံးသေဆုံးခဲ့ရပါတယ်။
ဖြစ်စဥ်က ဇူလိုင်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းမှာ မိုင်းပေါက်မြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပြင်းထန်တဲ့ရေကြီးမှုနဲ့ ရေလွှမ်းမိုးမှုဘေး ဖြစ်ပေါ်စေပြီး ပြည်သူများစွာ အသက်အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ နံနက် ၅ နာရီ ၅၀ ခန့်မှာ မိုင်းပေါက်ရဲဌာန တရားရေးကော်မတီရဲ့ မိုဘိုင်းအဖွဲ့က အသက် ၂၇ နှစ်အရွယ် ရဲအရာရှိ ရဲဘော် ချင်ဟွာဟာ အရေးပေါ်အချက်ပေးသံကို လက်ခံရရှိခဲ့ပါတယ်။
သူဟာကယ်ဆယ်ရေးလုပ်ဖို့ သွားစဥ်မှာပဲ ဟောင်ဝေ အမှတ် (၁) တိုက်ခန်းဘေး လမ်းမပေါ် ကားတစ်စီး ရေနစ်မြုပ်သွားခဲ့လို့ အခင်းဖြစ်ပွားရာ အမြန်ပြေးသွားရာမှာ အဖြူရောင် Alpha ကားတစ်စီးဟာ လှိုင်းလေထန်တဲ့ ရေစီးကြောင်းမှာ ပိတ်မိနေပြီး ရေကြီးတာက ကားပြတင်းပေါက်ကို ရောက်သွားလို့ ချင်ဟွာက ကယ်တင်ဖို့ကြိုးစားပေမဲ့ ကြီးမားတဲ့ လှိုင်းလုံးကြီးတစ်ခုက ချင်ဟွာကို ရိုက်ခတ်လိုက်လို့ သူဟာ ချက်ချင်း မြစ်ထဲမျောပါသွားပြီး ပြင်းထန်တဲ့ တောင်ကျရေထဲ ပျောက်ကွယ်သွားပေမဲ့ UWSA ရဲတွေ ကြိုးပမ်းမှုကြောင့် သူ့အလောင်းကို ရေအောက်က ပြန်လည်ရရှိခဲ့ပါတယ်။
အလွန်အန္တရာယ်များတဲ့ ရေအခြေအနေကြောင့် ပိတ်မိနေသူတွေလည်း ကံမကောင်းစွာနဲ့ သေဆုံးခဲ့ရတယ်လို့
‘ဝ’ပြည်နယ် ရဲဌာန တရားရေးဌာနချုပ်က ပြောခဲ့သလို Wa News Land ကလည်း မိုင်းပေါက်ရေကြီးမှုမှာ သေဆုံးသူ လေးဦးအထိရှိလာနေပြီလို့ ပြောခဲ့သလို ချင်ဟွာကယ်ဖို့ကြိုးစားခဲ့တဲ့ Alphard ကားထဲက အမျိုးသမီးတစ်ဦးအလောင်းလည်း တွေ့ထားပေမဲ့ အခြားရုပ်အလောင်းနှစ်ခုကိုတော့ ကြိုးစားရှာဖွေနေဆဲလို့ ဖော်ပြထားပါတယ်။
Ref & Photo – UWSA & Wa News Land





