၂၃. ၇. ၂၀၂၅
Translated by Thettant
စင်ကာပူ Housing and Development Board (HDB) ရုံးချုပ်တည်ရှိပြီး HDB က ပထမဆုံး အပြည့်အဝတည်ဆောက်ခဲ့သော စင်ကာပူ၏ အဓိကကျသည့် လူနေအိမ်ရာ စီမံကိန်းဧရိယာ တိုပါးရိုး၊ ဘလောက် (၁၇၃)၊ လိုရောင်း (၁) ရှိ တိုက်ခန်းတစ်ခန်း၌ မီးလောင်မှုဖြစ်ပွားပြီးနောက် လူနှစ်ဦးသေဆုံးခဲ့ကြောင်း စင်ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ၏ ပြောကြားချက်အရ သိရသည်။
မီးလောင်မှုဖြစ်စဥ်သည် အင်္ဂါနေ့ (ဇူလိုင် ၂၂ ရက်) ညဦးပိုင်းတွင် ဖြစ်ပွားခဲ့ပြီး SCDF က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ည ၇ နာရီခွဲခန့်အချိန်မှ မီးလောင်မှုသတင်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။
“ရောက်ရှိလာတဲ့အခါမှာ ဒုတိယထပ်က အခန်းရဲ့ ဧည့်ခန်းမီးလောင်နေတာကို တွေ့ရပါတယ်။ မီးသတ်သမားတွေက မီးခိုးတွေပြည့်နေတဲ့ အခန်းထဲကို ဝင်ရောက်ပြီး ရေဖိအားသုံးပြီး မီးငြှိမ်းသတ်ခဲ့ပါတယ်” ဟု SCDF က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ မီးသတ်သမားများသည် အခန်းအတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လှုပ်ရှား မှုမရှိဘဲ လဲကျနေသည်ကို တွေ့ရှိခဲ့ကြသည်။ နှစ်ဦးစလုံးကို အပြင်သို့ခေါ်ထုတ်ခဲ့ပြီး SCDF အရေးပေါ်ကုသရေးသမားတစ်ဦးက အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးကြောင်း ကြေညာခဲ့သည်။
SCDF နှင့် ရဲတပ်ဖွဲ့တို့၏ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
CNA ထံ အမည်မဖော်လိုသူ စာဖတ်သူတစ်ဦးက မီးလောင်မှု၏ ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခဲ့သည်။ ဗီဒီယိုထဲတွင် SCDF မီးသတ်သမားများ မီးငြှိမ်းသတ်နေသည်ကို တွေ့ရပြီး တိုက်အပြင်ဘက်နံရံများနှင့် တိုက်ချင်းဆက်နေရာများ မီးလောင်၍ မဲနေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနှစ်ဦးသေဆုံးမှုအပြင် အခင်းဖြစ်ရာ အနီးနားရှိ အခန်းများမှ လူသုံးဦး မီးခိုးရှူမိ၍ စိုးရိမ်ရသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း SCDF က ထပ်လောင်းပြောကြားခဲ့သည်။
Ref, CNA



