◾️ လက်မှတ်ခနှုန်းထား တစ်ဦးကို ၄၄၈ ဒေါ်လာဖြစ်ပြီး ငါးယောက်အထက် ဂရုအတွက် တစ်ဦးကို ၄၂၁ ဒေါ်လာ ကျသင့်မည်
၂၃. ၇. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်-ဗုဒ္ဓဂါယာခရီးစဉ်များကို အောက်တိုဘာ ၁ ရက်မှစတင်၍ ဧပြီလအထိ တစ်ပတ်နှစ်ကြိမ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ ထုတ်ပြန်ထားသည်။
ရန်ကုန်-ဗုဒ္ဓဂါယာခရီးစဉ်အား ဗုဒ္ဓဂါယာဘုရားဖူးရာသီဖြစ်သည့် အောက်တိုဘာလမှ ဧပြီလအထိ ပြေးဆွဲပေးမည်ဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်အတွက် လက်မှတ်ဝယ်ယူမှုများကို MAI မှ တိုက်ရိုက်ရောင်းချသွားမည် မဟုတ်ဘဲ အဆိုပါခရီးစဉ်အတွက် MAI နှင့် Exclusive Partner အဖြစ် ဆောင်ရွက်ထားသည့် Myanmar Getaway Travels & Tours ကုမ္ပဏီမှတစ်ဆင့် လက်မှတ်ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။
“လက်မှတ်နှုန်းထားကတော့ ဗုဒ္ဓဂါယာက တစ်ဦးတစ်ယောက်ချင်း ဈေးနှုန်းနဲ့ ဂရုဈေးနှုန်းဆိုပြီး နှစ်မျိုးရှိပါတယ်။ တစ်ယောက်ထဲအတွက်ဆို ၄၄၈ ဒေါ်လာနဲ့ ငါးယောက်အထက်ဆို ဂရုလို့သတ်မှတ်လို့ အဲဒါက တစ်ယောက်ကို ၄၂၁ ဒေါ်လာပါ။ တချို့ရက်ကောင်းတွေကတော့ ဘုရားဖူးအဖွဲ့တွေမှာပဲ ရှိတော့တယ်။ ဒီမှာက လက်ကားရောင်းတဲ့နေရာဖြစ်တဲ့အတွက် တချို့ရက်ကောင်းတဲ့ ရက်တွေကတော့ လေယာဉ်လက်မှတ်အတွက် ခုံနေရာမကျန်တော့ဘူး” ဟု Myanmar Getaway Travels & Tours မှ တာဝန်ရှိသူက ပြောသည်။
ဘုရားဖူးအဖွဲ့များနှင့် သွားရောက်မည့်သူများအတွက် လက်မှတ်ဝယ်ယူရရှိမှု ပိုမိုလွယ်ကူစေမည်ဖြစ်ပြီး ယခင်က သွားရောက်လည်ပတ်ဖူးပြီး တစ်ဦးတစ်ယောက်တည်း အေးအေးဆေးဆေး သွားရောက်လိုသူများအနေဖြင့် ရုံးပိတ်ရက်နှင့် ပွဲတော်ရက်များမဟုတ်သည့် ကြားရက်များကို ရွေးချယ်သွားရောက်မည်ဆိုပါက ပိုမိုအဆင်ပြေစေမည်ဖြစ်ကြောင်း ၎င်းက အကြံပြုထားသည်။


