၂၃. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၇ သန်းနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ်သန်း ၁၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် သုံးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်း ဒေါ်လာ ၉၃ သန်း၊ မေလတွင် သုံးကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးခဲ့သည်။
ဇွန်လတွင်လည်း လေးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၂၅ သန်း၊ ယခုထုတ်ရောင်းပေးမှု အပါအဝင် ဇူလိုင်လတွင် လေးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၂၃ သန်းရှိ၍ ယခုဘဏ္ဍာနှစ် သုံးလအတွင်း စုစုပေါင်းဒေါ်လာသန်း ၄၂၇ နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။
ကမ္ဘာ့ရေနံဈေးမြင့်တက်လာသဖြင့် ယခုအပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသော်လည်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေ ဆက်တိုက်ထုတ်ရောင်းပေးခဲ့ခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများ သိသိသာသာမြင့်တက်လာခြင်း မရှိသည့်အပြင် ဈေးနှုန်းများလည်း တည်ငြိမ်လျက်ရှိသည်။
ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၉၆၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၀၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၃၃၀ ကျပ်ဖြစ်ပေါ်လျက်ရှိပြီး ဇူလိုင် ၁၈ ရက်တွင် ဒီဇယ်တစ်လီတာ ၆၀ ကျပ်ဝန်းကျင် မြင့်တက်ခဲ့မှုမှအပ စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်မှုရှိနေသည်ကို တွေ့ရှိရသည်။

