MT News
၂၂. ၇. ၂၀၂၅
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို လာမည် ဇူလိုင် ၂၇ ရက်နေ့(တနင်္ဂနွေနေ့) နံနက် ၆ နာရီအချိန်၌ ထုတ်ပြန်ကြေညာမည် ဖြစ်ပြီး အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန် တည်း ကပ်ထားမည်ဖြစ်သည်။
အောင်စာရင်းထုတ်ပြန်မည့် ဇူလိုင် ၂၇ ရက်နေ့၊ နံနက် (၄) နာရီတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည့် အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့် နေ့တွင် ကြေညာပေးမည်ဖြစ်သည်။

မိဘပြည်သူများ သက်ဆိုင်ရာစာစစ်ဌာနများ၌ အောင်စာရင်းကြည့်ရှုရန် လာရောက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် ပန်ကြားထားပြီး အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉) သို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် ၂၇-၇-၂၀၂၅ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ ၂၂၀,၈၄၃ ဦးရှိခဲ့သည့်အနက် နောက်ဆုံးနေ့တွင် လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်း ၂၀၈,၄၅၄ ရှိခဲ့သဖြင့် စာရင်းပေးသွင်းသူဦးရေ၏ ၉၄ ရာခိုင်နှုန်းကျော် ဝင်ရောက်ဖြေဆိုခဲ့သလို မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ဖြေဆိုရမည့်သူ ၆၃,၆၇၃ ဦးမှလည်း ၉၈ ရာခိုင်နှုန်းကျော် ပြန်လည်ဖြေဆိုခဲ့သည်။
