
၂၂. ၇. ၂၀၂၅
Written by Nyein Kyaw
တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်ခွဲ အဆင့်ဆင့်ကို မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးများအတွက် ခန့်အပ်ထားခြင်း မရှိသေးသည့်အတွက် မည်သည့်အချိန်တွင် စတင်ခန့်အပ်ဖွဲ့စည်းသွားမည်ကို သိရှိလိုကြောင်း မီဒီယာများ၏ မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
UEC ၏ ဖြေကြားချက် အပြည့်အစုံမှာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်နှင့် ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။” ဟု ဖြေကြားထားသည်။
ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တို့အတွင်း ကျင်းပပြုလုပ်ရန်လျာထားပြီး ရွေးကောက်ပွဲ အထမြောက်သည့်အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ပြောကြားထားသည်။
ယခု ၂၀၂၅ နှစ်ကုန်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲအများဆုံးရသူအနိုင်စနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိစာရင်းများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပရန်ရှိကြောင်း UEC က ဇွန်လ ၆ ရက်တွင် ဖြေကြားထားသည်။
ထို့အတူ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်ပြီး အချိန်မီကြိုတင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းနှင့် ကျင်းပမည့်ရက် သတ်မှတ်ကြေညာပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ပြီးချိန်တွင် မဲဆွယ်စည်းရုံးရေးကာလကို သတ်မှတ်ကြေညာသွားမည်ဖြစ်ကြောင်း UEC က မေလ ၁၆ ရက်တွင် ဖြေကြားထားသည်။
