ဦးဘိုကေကျော်
၂၂. ၇. ၂၀၂၅
Written by Nay Moe
ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားရာ မကွေးတိုင်းတွင် ဆယ်အိမ်မှူးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို PDF များက ဒလန်ဟု စွပ်စွဲကာ အာဇာနည်နေ့တွင် သတ်ဖြတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ဖောင်းကတောကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဆယ်အိမ်မှူး ဦးအေးမင်း(၄၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာကာ “ဒလန်” ဟုစွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖောင်းကတောကျေးရွာ၏အနောက်ဘက် ၂ ဖာလုံခန့်အကွာ ကျေးရွာသုသာန်သို့အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအေးမင်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဇူလိုင် ၁၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လက်ယက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးဘိုကေကျော်(ခ)သန်းစိန်(၄၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ခြောက်ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဘိုကေကျော်(ခ)သန်းစိန်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုကာလအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
