၂၂. ၇. ၂၀၂၅
Translated by Thettant
အင်ဒိုနီးရှားနိုင်ငံတွင် လူသိများသော အွန်လိုင်းဆယ်လီ အာနိုးလ် ပူထရာ(Arnold Putra) သည် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သူပုန်များကို ငွေကြေးထောက်ပံ့မှုဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရသော်လည်း မြန်မာအစိုးရ၏ သက်ညှာမှုဖြင့် ထောင်ဒဏ်ကျခံရမှုမှ တစ်နှစ်မပြည့်ခင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်သွားကာ ပြည်နှင်ဒဏ်ပေးလိုက်မှုအစီအစဉ်ဖြင့် တနင်္လာနေ့တွင် ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။
အာနိုးလ်သည် တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲခန့်တွင် ဘန်ကောက်မှ Garuda Indonesia လေကြောင်းလိုင်းဖြင့် Tangerang ရှိ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ လုံခြုံရေးအရနှင့် အခြားခရီးသည်များ သက်သောင့်သက်သာရှိစေရန်အတွက် ဆိုက်ရောက်ပြီးနောက် သီးခြားလူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဧရိယာမှတစ်ဆင့် အာနိုးလ်ကို ခေါ်ဆောင်လာခဲ့ကြောင်း Soekarno-Hatta လူဝင်မှုကြီးကြပ်ရေးရုံး၏ ယာယီအကြီးအကဲ Galih Priya Kartika Perdhana က ပြောကြားခဲ့သည်။
“လုံခြုံရေးရှုထောင့်နဲ့ အခြားပုံမှန်ခရီးသည်တွေရဲ့ အဆင်ပြေမှုကို ထည့်သွင်းစဉ်းစားပြီး လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုကို ကန့်သတ်ဧရိယာအတွင်းမှာ ပြုလုပ်ခဲ့တာပါ” ဟု Galih က အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အာနိုးလ်ကို မြန်မာအာဏာပိုင်များက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ နှင့် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇ တို့အရ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ၎င်းသည် မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်ခြင်းနှင့် အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တားမြစ်ထားသော လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံခြင်းတို့ဖြင့် ထိုသို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သလို ၎င်း၏ Instagram တွင်လည်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှ ပို့စ်များတွင် ၎င်းသည် မြန်မာနိုင်ငံရှိ နေရာအသီးသီးနှင့် KNU, KNLA, PDF, ABSDF စသည့် အကြမ်းဖက် လက်နက်ကိုင်များနှင့် ပုံများကို တင်ခဲ့ပြီး နောက်ပိုင်းတွင်မူ ပြန်လည်ဖျက်ချခဲ့သည်။
ထိုသို့ အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်မှုကြောင့် ထောင်ကျခဲ့သော အာနိုးလ် ပြန်လည်လွတ်မြောက်ရေးကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနချုပ်နှင့် အခြားဆက်စပ်အေဂျင်စီများအကြား ပူးပေါင်းညှိနှိုင်းမှုဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သည်။
“အေဂျင်စီအချင်းချင်း ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြည်နှင်ရေးစီစဉ်မှုကစလို့ Soekarno-Hatta မှာ လူဝင်မှုကြီးကြပ်ရေးစာရွက်စာတမ်းတွေ စစ်ဆေးတာအထိ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တစ်ခုလုံး ချောမွေ့စွာနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု Galih က ပြောကြားခဲ့သည်။
မှတ်တမ်းများအရ အာနိုးလ်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် Soekarno-Hatta မှတစ်ဆင့် ၂၀၃၄ ခုနှစ်အထိ အကျုံးဝင်သော တရားဝင်အီလက်ထရောနစ်ပတ်စ်ပို့ကို အသုံးပြု၍ အင်ဒိုနီးရှားမှ ထွက်ခွာခဲ့ကြောင်း သိရသည်။
