၂၂. ၇. ၂၀၂၅
Written by Nay Moe
NUG ၏ ဩဇာခံပြီး AA နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်သည့် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်သော မရာကာကွယ်ရေးတပ်(MDF)၏ ဒု-ဥက္ကဋ္ဌ NB Sila အပါအဝင် သုံးဦးကို စစ်သုံးပစ္စည်းအမြောက်အမြားနှင့်အတူ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် တိပကျေးရွာတွင် ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယနိုင်ငံမှသတင်းဌာနများနှင့် ဒေသတွင်းသတင်းများက ဖော်ပြသည်။
NB Sila အပါအဝင် သုံးဦးသည် ကျည်ကာအင်္ကျီများ၊ စစ်ဝတ်စုံများ၊ ကျည်ကာဦးထုပ်များ စသည့် စစ်ဘက်ဆိုင်ရာပစ္စည်း အများအပြားကို သယ်ဆောင်လာသည့် ကားတစ်စီးနှင့်အတူလိုက်ပါလာစဉ် ဇူလိုင်လ ၂၁ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရစဉ် အသက် ၄၄ နှစ်အရွယ် MDF ဒု-ဥက္ကဋ္ဌ NB Sila သည် အိန္ဒိယနိုင်ငံသား နာမည် B Rakhie ပြောင်းသုံးထားသလို သူ၏ ရွာအမည်ကိုလည်း လိုင်လင်းပီမြို့အဖြစ် သုံးထားကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် Khumiland News ကလည်း ဖော်ပြထားပြီး ဖမ်းဆီးခံရသူတစ်ဦးမှာမူ B Songa ဆိုသူ ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသား ချင်းလူမျိုးတစ်ဦးနှင့် မီဇိုရမ်ပြည်နယ်တွင် နေထိုင်သူ FC Laicho ဆိုသူပါဝင်ကြောင်းလည်း သိရသည်။
MDF သည် MATC (မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ)၊ MDF (မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့) ဟု အမည်ခံဖွဲ့စည်းထားပြီး လူမျိုးတူ မရာချင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော CDF-Mara ကို AA အပါအဝင် ချင်းညီနောင်အားကိုးဖြင့် တိုက်ထုတ်နေသော အဖွဲ့ဖြစ်ကာ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် နေထိုင်သည့် မရာ(ချင်း) ပြည်သူများကို အုပ်ချုပ်သည်ဟုဆိုသော အဖွဲ့လည်းဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ်တွင် တရားဝင်တပ်မတော်မဟုတ်ဘဲ လက်နက်ကိုင်လှုပ်ရှားသည့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ PDF ၁၀ ဦးကို အာသံရိုင်ဖယ်တပ်က ချေမှုန်းလိုက်ကြောင်း သတင်းနှင့် သေဆုံးကုန်သည့် တမူးပကဖ ၁၀ ဦး၏ အလောင်းများထွက်ပေါ်ခဲ့သလို ထိုဖြစ်စဉ်တွင် တမူးပကဖများမှာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းခံလိုက်ရကြောင်း NUG က ပြောခဲ့သလို ထိုဖြစ်စဉ်စိစစ်ပေးရန် အိန္ဒိယအစိုးရထံတောင်းဆိုခဲ့သော်လည်း NUG သည် တရားဝင်အစိုးရမဟုတ်သဖြင့် အသိအမှတ်ပြု စုံစမ်းစစ်ဆေးမှုကို အိန္ဒိယအစိုးရက လက်ရှိအချိန်အထိ လုပ်ဆောင်ပေးခြင်းမရှိချေ။
