၂၂. ၇. ၂၀၂၅
Written by Nyein Kyaw
CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅၂ သန်းအား စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅၅ သန်းအား စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့လည်းကောင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့တွင် ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
ထို့ပြင် ဇူလိုင် ၂၁ ရက် (ယမန်နေ့)တွင် ဗဟိုဘဏ်မှ ထိုင်းဘတ် ၉ ဒသမ ၃၆၆ သန်းအား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများထံသို့ ရောင်းချပေးခဲ့သည်။ ထို့အတူ Online Trading Platform တွင် တရုတ်ယွမ် ၃၃၇,၀၀၀ ကျော်နှင့် အိန္ဒိယရူပီး ၅၀၀,၀၀၀ ထုတ်ရောင်းပေးခဲ့သည်။
FX Market Online Trading Platform မှ ရောင်းချပေးခဲ့သည့် ငွေလဲလှယ်နှုန်းများမှာ အမေရိကန်တစ်ဒေါ်လာ ၃၆၁၈ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၃ ဒသမ ၈၅ ကျပ်၊ တရုတ်တစ်ယွမ် ၅၅၁ ကျပ်နှင့် အိန္ဒိယတစ်ရူပီး ၄၃ ဒသမ ၈၅ ကျပ်ဖြစ်သည်။
ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ယနေ့တွင် အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၇ ဒသမ ၉၃ ကျပ်၊ တရုတ်တစ်ယွမ် ၆၂၀ ကျပ်နှင့် အိန္ဒိယတစ်ရူပီး ၅၁ ဒသမ ၅၇ ကျပ်ဖြစ်သည်။
ကမ္ဘာ့ရေနံဈေးမြင့်တက်လာသဖြင့် ယခုအပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု ခန့်ထားသော်လည်း ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၉၆၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၀၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၃၃၀ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။ ဇူလိုင် ၁၈ ရက်တွင် ဒီဇယ်တစ်လီတာ ၆၀ ကျပ်ဝန်းကျင် မြင့်တက်ခဲ့မှုမှအပ ဈေးနှုန်းများတည်ငြိမ်လျက်ရှိသည်။
