၂၂. ၇. ၂၀၂၅
Written by Nyein Kyaw
ယခုဘဏ္ဍာနှစ်တွင် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းရန်လျာထား၍ ကုမ္ပဏီများအနေဖြင့် တင်သွင်းရန်ကျန်ရှိမှုများကို အမြန်တင်သွင်းနိုင်ရေးဆောင်ရွက်ရန် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယမန်နေ့က ပြုလုပ်သည့် ဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂,၀၀၀ တင်သွင်းနိုင်ရေး လျာထားခဲ့ပြီး ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် မြေဩဇာတန်ချိန် ၉,၃၉၆၆၂ ဒသမ ၄၃ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၉,၅၁၅ ဒသမ ၇၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးခဲ့ကြောင်း ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သွင်းကုန်လိုင်စင်ရရှိရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ ၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ မြေဩဇာတန်ချိန် ၄၃၈,၇၀၅ ဒသမ ၇၀ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၉၈၄၀ ဒသမ ၅၀၅ တန် တင်သွင်းထားသည်ကို တွေ့ရှိရကြောင်း ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
ကုမ္ပဏီများအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း တင်သွင်းရန်ကျန်ရှိမှုများကို အမြန်တင်သွင်းနိုင်ရေး တာဝန်ရှိသူများက ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာပိုးသတ်ဆေး အမှတ်တံဆိပ်အလိုက်၊ ကုမ္ပဏီအလိုက် အရည်အသွေး၊ ဈေးနှုန်းတို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုပေးရန်လိုအပ်ကြောင်း ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
ပြည်တွင်းသုံးစွဲသူ တောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်၍ ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ပေးကြရန် ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
