၂၂. ၇. ၂၀၂၅
Written by Nay Moe
တအာင်းလက်နက်ကိုင် TNLA နှင့် အတူ နောင်ချိုမြို့ကို လုယက်သိမ်းယူရာတွင် ပါဝင်ခဲ့ပြီး တစ်နှစ်ကျော်ကြာ ချုပ်ကိုင်ထားနိုင်သော်လည်း တပ်မတော်၏ ထိုးစစ်ကြောင့် ဇူလိုင် ၁၅ ရက်မှစတင်ကာ နောင်ချိုမြို့မှ ထွက်ပြေးခဲ့ရသည့် MDY PDF အဖွဲ့၏ မြကန်သာကျေးရွာနှင့် ၀သုန္ဒရကျေးရွာကို တိုက်ခိုက်မှုအတွင်း ပြည်သူနှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံး/ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ထိ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကံသာကျေးရွာနှင့် မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာများသို့ MDY PDF အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပုသိမ်ကြီးမြို့နယ်၊ မြကံသာကျေးရွာနေ ကိုစိန်မင်း(၃၅)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးလှိုင်မြင့် (၅၉) နှစ်၊ မဧကရီဖြိုး (၉) နှစ်၊ ဒေါ်ခင်မှတ် (၇၈) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာနေ ဒေါ်အိအိထွေး(၂၂)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးစိုးညွန့်(၆၄)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး MDY PDF ကမူ ဇူလိုင်လ (၂၀)ရက်နေ့တွင် မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ၊ မြကန်သာကျေးရွာတို့ရှိ တပ်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲများအတွင်း ဒရုန်းဂျမ်ဘာ ကားတစ်စီး၊ ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့အပြင် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် သုံပန်း(၁၆)ဦး ဖမ်းဆီးရမိခဲ့ပြီး အလောင်း (၁၅) ခု သိမ်းဆည်းရမိခဲ့ကာ တပ်ဘက်မှ ထိခိုက်ဒဏ်ရာများရရှိသူများပြားခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပကဖနှင့် SSTF တပ်ဖွဲ့တို့ဖြင့် ပူးတွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးခဲ့သော်လည်း ပြည်သူများသေဆုံးရမှုကို ဖုံးကွယ်ဖော်ပြခဲ့သည်။





