၂၂. ၇. ၂၀၂၅
Written by Nyein Kyaw
ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ရက် (၉၀) ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၉ ခုတွင် ကားများဖြင့် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ လိုက်လံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ အသိပေးထားသည်။
မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆန်စပါးကုန်စည်ဒိုင်များမှ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များသို့ ကားများဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ရက် (၉၀) ထိပ်စ 10 Kg ဆန်အိတ်များ ရောင်းချပေးလျက်ရှိသည်။
မြို့နယ်များအတွင်း ကားများဖြင့် ဆန်များထပ်မံရောင်းချပေးမှုအား ဇူလိုင် ၂၄ ရက်တွင် ဗိုလ်တထောင်မြို့နယ်၌ ဘိုကလေးဈေး၊ စမ်းချောင်းမြို့နယ်၌ မြေနီကုန်းဈေး၊ ကြည့်မြင်တိုင်မြို့နယ်၌ ထီးတန်းဈေးတို့တွင် ရောင်းချပေးမည်ဖြစ်သည်။
ဇူလိုင် ၂၅ ရက်တွင် သာကေတမြို့နယ်၌ (၁) ဈေး၊ သင်္ဃန်းကျွန်းမြို့နယ်၌ သုဝဏ္ဏဈေး၊ ကမာရွတ်မြို့နယ်၌ ဆင်မလိုက်ဈေး၊ ဇူလိုင် ၂၆ ရက်တွင် အင်းစိန်မြို့နယ်၌ ဖော့ကန်ဈေး၊ မြောက်ဥက္ကဋ္ဌလာမြို့နယ်၌ ရွှေပေါက်ကံ၊ တောင်ဒဂုံမြို့နယ်၌ (၂၀) ဈေးတို့တွင် ရောင်းချပေးမည်ဖြစ်သည်။
“ကားနဲ့လိုက်ရောင်းပေးတာမှာကတော့ ကားခတို့ ဘာတို့ရှိလို့ ဒိုင်ဈေးထက် 10 Kg တစ်အိတ်ကို တစ်ထောင်စီ ပိုများပါတယ်” ဟု ဆန်ကုန်သည်အသင်းအတွင်းရေးမှူးက ပြောသည်။
ထို့ပြင် ဆန်စပါးကုန်စည်ဒိုင်များတွင်လည်း သက်သာသောဈေးနှုန်းဖြစ်သည့် ရွှေဘိုပေါ်ဆန်း 10 Kg တစ်အိတ် ကျပ် ၃၁,၀၀၀ နှင့် ဧရာဝတီပေါ်ဆန်း 10 Kg တစ်အိတ် ကျပ် ၂၄,၀၀၀ ဖြင့် အင်္ဂါနေ့မှ သောကြာနေ့အထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်များအတွင်း ဆန်များအား ကားဖြင့်လိုက်လံရောင်းချပေးမှုတွင် ရွှေဘိုပေါ်ဆန်း 10 Kg တစ်အိတ် ကျပ် ၃၂,၀၀၀ နှင့် ဧရာဝတီပေါ်ဆန်း 10 Kg တစ်အိတ် ကျပ် ၂၅,၀၀၀ နှင့် ရက် (၉၀) ထိပ်စ 10 Kg တစ်အိတ် ကျပ် ၁၅,၀၀၀ တို့ဖြင့် ရောင်းချပေးနေကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။


