၂၂.၇.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒက်ကာတွင် ကောလိပ်ကျောင်းတစ်ကျောင်း၏ အဆောက်အအုံပေါ်သို့ ဘင်္ဂလားဒေ့ရှ်လေတပ်မှ FT-7 BGI ဂျက်တိုက်လေယာဉ်တစ်စီး ဇူလိုင်လ ၂၁ ရက် မွန်းလွဲပိုင်းက ပျက်ကျခဲ့မှုတွင် သေဆုံးသူ စုစုပေါင်း ၂၇ ဦးအထိရှိလာပြီး ဆေးရုံများသို့ တင်ပို့ကုသခံထားရသူ ၇၈ ဦးအထိ ရှိကြောင်း ဇူလိုင်လ ၂၂ ရက်နံနက်တွင် ထုတ်ပြန်သောသတင်းများအရ သိရသည်။
ဒက်ကာမြို့၊ အတ်တာရာမြို့နယ်ရှိ Milestone School and College ကောလိပ်အဆောက်အအုံပေါ်သို့ တိုက်လေယာဉ်ပျက်ကျခဲ့မှု၌ သေဆုံးရသူများတွင် ကလေး ၂၅ ဦး၊ လေယာဉ်မှူးတစ်ဦးနှင့် ဆရာတစ်ဦးတို့ ပါဝင်ကြောင်းလည်း သိရသည်။
ဇူလိုင်လ ၂၂ ရက် နံနက် ၈ နာရီတွင် ဒက်ကာမြို့ ရှိ မီးလောင်ဒဏ်ရာနှင့်ပလပ်စတစ်အစားထိုးခွဲစိတ် ကုသမှုဌာနတွင်ပြုလုပ်သော သတင်းစာရှင်းပွဲ၌ အကြံပေးအရာရှိချုပ် ယူနွတ်စ်၏ အထူးလက်ထောက် ဒေါက်တာ ဆာရီဒါ ရာမန်က လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးရသူ ၂၇ ဦးရှိပြီဟု အတည်ပြု ပြောကြားခဲ့သည်။
သေဆုံးသူများအနက် ၂၀ ဦး၏အလောင်းများကိုလည်း မိသားစုများထံ လွှဲပြောင်းပေးခဲ့ပြီဟု ဆာရီဒါက ပြောခဲ့သည်။
၎င်းက မီးလောင်ဒဏ်ရာများရခဲ့သော ကလေးများအတွက် ဆုတောင်းပေးရန် လူထုအနေဖြင့် ဆေးရုံတွင် စုရုံးတိုးဝှေ့ခြင်းများ မပြုကြရန်နှင့် အနုတ်လက္ခဏာသွေးအမျိုးအစားအချို့လိုကောင်းလိုမည်ဖြစ်သော်လည်း သွေးအလုံအလောက်ရှိပါကြောင်းလည်း ပြောခဲ့သည်။
FT-7 BGI ဂျက်တိုက်လေယာဉ်မှာ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁နာရီ ၆ မိနစ်တွင် ဒက်ကာမြို့အနီး ကာမီတိုလာ လေတပ်အခြေစိုက်စခန်းမှ ပျံတက်လာခဲ့ခြင်းဖြစ်ပြီး စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် မွန်းလွဲ ၁ နာရီ ၁၈ မိနစ်တွင်ဒက်ကာမြို့ Milesone School and College ကောလိပ်ဝင်းအတွင်းရှိနှစ်ထပ်အဆောက်အအုံ တစ်ခုပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
Ref- Dhaka Tribune

