◾️ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူများအား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများက ဦးစားပေးအလုပ်အကိုင် ခန့်ထားပေးနိုင်ရေးအပါအဝင် လုပ်ငန်းတာဝန် ၈ ခုတို့ကို ဆောင်ရွက်သွားမည်
၂၂. ၇. ၂၀၂၅
Written by Nyein Kyaw
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၂/၂၀၂၅) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။
ကော်မတီဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ (၃) အဖြစ် စစ်ရေးချုပ်ရုံး စစ်ရေးချုပ်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ် အရာရှိကြီးတစ်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ UMFCCI ဥက္ကဋ္ဌ စုစုပေါင်း အဖွဲ့ဝင် ၁၂ ဦးပါဝင်သည်။
အဆိုပါအဖွဲ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူသွားမည်ဖြစ်သည်။
အဆိုပါကော်မတီအနေဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော ပြည်သူ့စစ်မှုထမ်းများ ရန်သူကြောင့် မသန်မစွမ်းဖြစ်မှုများကို အမြဲတမ်းစစ်မှုထမ်းများနည်းတူ ပြန်လည်နေရာချထားနိုင်ရေး၊ နုတ်ထွက်ခွင့်ပြုချိန်တွင် ၎င်းတို့ဆန္ဒပြုသည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းအလိုက် နိုင်ငံတော်နှင့် တပ်မတော်မှ အသက်မွေးသင်တန်းများပေးနိုင်ရေး၊ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) ကိုင်ဆောင်ထားသူများ ပြန်လည်နေရာချထားမှုခံယူလိုပါက သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများက ဦးစားပေးအလုပ်အကိုင် ခန့်ထားပေးနိုင်ရေး (ပြည်တွင်း/ပြည်ပအလုပ်အကိုင်များ) မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆောင်ရွက်ပေးရန် အပါအဝင် လုပ်ငန်းတာဝန် (၈) ခုတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ကော်မတီသည် လိုအပ်ပါက ကော်မတီဥက္ကဋ္ဌ၏ ညွှန်ကြားချက်ဖြင့် အခြားပြည်ထောင်စု အဆင့်အဖွဲ့အစည်း/ဝန်ကြီးဌာနများအား အစည်းအဝေးဖိတ်ကြားနိုင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ (၁၄-၂-၂၁၂၄) ရက်စွဲပါစာအမှတ်၊ ၁၁၂( ၂ ) / ၈ /ကောင်စီရုံးနှင့် (၈-၅-၂၀၂၄) ရက်စွဲပါစာအမှတ်၊ ၁၁၂ ( ၈ ) / ၈ / ကောင်စီရုံးတို့ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားသည်။







