၂၂. ၇. ၂၀၂၅
Translated by Tha Doe
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ့်ကို အစ္စလာမ်ဘာသာဝင်တွေကိုးကွယ်တဲ့ အလ္လာရဲ့ ရန်သူလို့သမုတ်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ အီရန်နဲ့ဆက်နွှယ်နေတဲ့ Blood Convenant (သွေးပဋိညာဥ်) အဖွဲ့က ဒေါ်လာ သန်း ၄၀ ရန်ပုံငွေ စုဆောင်းထားတယ်လို့ The Jerusalem Post က သတင်းဖော်ပြပါတယ်။
အီရန်နိုင်ငံရဲ့ နိုင်ငံပိုင်မီဒီယာက ဝန်ထမ်းဟောင်းတစ်ဦးနဲ့ ဆက်စပ်နေတဲ့ ရန်ပုံငွေစုဆောင်းရေး လှုပ်ရှားမှုတစ်ခုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့အတွက် ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀ စုဆောင်းရရှိထားကြောင်း The New York Post က ပြီးခဲ့တဲ့ စနေနေ့မှာ ဖော်ပြခဲ့သလို “Blood Covenant” အမည်ရှိ အဆိုပါအဖွဲ့ဟာ အီရန်ဘာသာရေးခေါင်းဆောင်များစွာက ထုတ်ပြန်ခဲ့တဲ့ ဘာသာရေးအမိန့် ဖာတဝါ (Fatwa) တွေကို လိုက်နာပြီး ထရမ့်ပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ လှုပ်ရှားမှုတွေကို စတင်ခဲ့တာပါ။
ထရမ့်ပ်က အီရန်နျူကလီးယားစက်ရုံ သုံးခုကို ဗုံးကြဲဖို့အမိန့်ပေးခဲ့သလို ဗုံးကြဲခဲ့ပြီးနောက်မှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ထရမ့်ပ်ကို “အလ္လာဟ်အရှင်မြတ်၏ ရန်သူတော်” အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
“အီမာမ် မာဟ်ဒီ (အစ္စလာမ်ဘာသာဝင်တို့၏ နောက်ဆုံးကာလ အယူအဆများအတွက် အရေးပါသောခေါင်းဆောင်) ၏ ဒုတိယကိုယ်စားလှယ် (ကျွန်ုပ်တို့၏ အသက်များကို သူရဲကောင်းဆန်စွာ စွန့်လွှတ်ပါစေ) ၏ အသက်ကို ခြိမ်းခြောက်သူများကို တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးနိုင်သူ မည်သူမဆို ဆုကြေးပေးအပ်ရန် ကျွန်ုပ်တို့ ကတိပြုပါသည်” လို့လည်း Blood Covenant အဖွဲ့က သူတို့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံမယ့်အစီအစဥ်ကို အီရန်ဘက်က စတင်လာတာနဲ့ ပတ်သက်ပြီး အမေရိကန်အခြေစိုက် Middle East Media Research Institute (MEMRI) သုတေသနအဖွဲ့က Blood Covenant အဖွဲ့ဟာ အီရန်အစိုးရ အုပ်ချုပ်မှုအောက်မှာ လည်ပတ်နေတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
MEMRI က Blood Convenant ရန်ပုံငွေရှာဖွေမှုနဲ့ ပတ်သက်လို့ ခွဲခြမ်းစိတ်ဖြာရာမှာ “ဒါဟာ ဂျီဟတ်(ဘာသာရေးစစ်ပွဲ) တိုက်ခိုက်ဖို့ ခေါ်ဆိုတာဖြစ်ပြီး ယုံကြည်သူတွေကို သူတို့ငွေတွေ လှူဒါန်းဖို့နဲ့ သူတို့ အသက်ကို စွန့်လွှတ်ဖို့ ဖိတ်ခေါ်တာ” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Blood Convenant အဖွဲ့ရဲ့ “ပိုစတာက ထရမ့်ကို လုပ်ကြံဖို့အတွက် ဘာသာရေးအရ တရားဝင်မှု ပေးအပ်နေတယ်” လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ထရမ့်ကို လုပ်ကြံဖို့ ဒီလိုတောင်းဆိုမှုတွေဟာ အထက်က လာနေပြီး လမ်းပေါ်မှာရော လူ့အဖွဲ့အစည်းရဲ့ အလွှာပေါင်းစုံမှာရော၊ အီရန်မီဒီယာတွေမှာရော ပဲ့တင်ထပ်နေတယ်ဆိုတာက ကျယ်ပြန့်တဲ့ ဘာသာရေးနဲ့ အစိုးရသဘောတူညီမှုကို ထင်ဟပ်စေပါတယ်။ ထရမ့်အပေါ် အပြစ်ပေးနိုင်သူ မည်သူမဆို ရရှိနိုင်တဲ့ ဆုလာဘ်ကို ထပ်ခါတလဲလဲ အလေးပေးခြင်းအားဖြင့် ခိုင်မာလာပါတယ်။ ဒေါ်လာ ၄၀ ဒသမ ၃ သန်းအပြင် ဂျန္နက်(Jannah (ဥယျာဥ်/ပရဒိသု အစ္စလာမ်ဘာသာဝင်များ၏ နောက်ဆုံးနေရပ်)) အပြင် အစ္စလာမ်ဘာသာကို ကာကွယ်သူ (ရှဟီးဒ်) အနေအထားကိုပါ ရရှိနိုင်ပါတယ်”လို့လည်း MEMRI က ဆက်လက်ပြောကြားခဲ့ပါတယ်။
Blood Covenant အဖွဲ့ရဲ့ ထရန့်ပ်ကို သတ်ဖို့ကြိုးပမ်းမှုတွေကို အီရန်အစိုးရက ခန့်အပ်ထားတဲ့ ဘာသာရေးခေါင်းဆောင် ဆယ်ဦးက ထောက်ခံခဲ့တယ်လို့လည်း ပြည်ပရောက်မီဒီယာ Iran International က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လန်ဒန်အခြေစိုက် ပြည်ပရောက်ဒီမီဒီယာက အီရန်ရဲ့အနောက်အဇာဘိုင်ဂျန်ပြည်နယ်မှာ အစိုးရက ခန့်အပ်ထားတဲ့ ဘာသာရေးခေါင်းဆောင် Azeri က အမေရိကန်သမ္မတကို ခေါင်းဖြတ်သတ်ဖြတ်ဖို့အတွက် တိုမန် ၁၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ သန်းခန့်) ဆုကြေးငွေ ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြခဲ့ပါသေးတယ်။
“ထရမ့်ပ်ရဲ့ ခေါင်းကို ယူဆောင်လာနိုင်တဲ့ ဘယ်သူမဆို တိုမန် ၁၀၀ ဘီလျံ ပေးပါမယ်”လို့ အနောက် အာဇာဘိုင်ဂျန်ပြည်နယ်က တရားဝင် အစ္စလာမ့်သာသနာပြုအဖွဲ့အစည်းရဲ့ ပြည်နယ်ညွှန်ကြားရေးမှူး Mansour Emami က ပြောကြားခဲ့ပါတယ်။
ဘာသာရေးခေါင်းဆောင်တွေကို နိုင်ငံတော်က ခန့်အပ်ထားပေမဲ့ အီရန်သမ္မတ မာဆွဇ် ပေဇက်ရှ်ကီးယန်းက Tucker Carlson နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ “ကျွန်တော်သိသလောက်တော့ သူတို့ဟာ ဘယ်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် ဒေါ်နယ်ထရမ့်ပ်ကို ဆန့်ကျင်ပြီး အမိန့်တွေ ဒါမှမဟုတ် ဖာတဝါတွေ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဒါဟာ အီရန်အစိုးရ ဒါမှမဟုတ် အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်(ခါမေနီ) နဲ့ လုံးဝမသက်ဆိုင်ပါဘူး” လို့ ငြင်းဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးပမ်းမှုတွေအဖြစ်လည်း အီရန်နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲခံထားရတဲ့ ပါကစ္စတန်နိုင်ငံသား Asif Merchant ကို ထရမ့်ပ်အပါအဝင် အမေရိကန်အရာရှိများစွာကို လုပ်ကြံဖို့ ကြံစည်မှုနဲ့ ၂၀၂၄ ခုနှစ်မှာ စွဲချက်တင်ခဲ့ပါတယ်။ Asif Merchant ရဲ့ ရည်ရွယ်ချက်က ပါကစ္စတန်နဲ့ ကမ္ဘာကြီး၊ မွတ်စလင်ကမ္ဘာကို ထိခိုက်နစ်နာစေသော အမေရိကန်က ပုဂ္ဂိုလ်များကို ပစ်မှတ်ထားဖို့ဖြစ်ကြောင်း CNN က တရားရုံးစာရွက်စာတမ်းတွေကို ကိုးကား ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် တရားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်မှာ ထရမ့်ကို လုပ်ကြံဖို့ ကြိုးပမ်းမှုနဲ့ စွဲချက်တင်ခံရတဲ့ အမေရိကန်နိုင်ငံသားသုံးဦးအနက် တစ်ဦးဟာ ဂျူးအမေရိကန်နိုင်ငံသား နှစ်ဦးကိုလည်း သတ်ဖြတ်ဖို့ စောင့်ကြည့်နေခဲ့ပြီး IRGC အရာရှိတစ်ဦးက သမ္မတ သို့မဟုတ် အမေရိကန်ဂျူးတွေကို သတ်ဖြတ်ဖို့အတွက် ဒေါ်လာ ၅၀၀,၀၀၀ ပေးကမ်း ကမ်းလှမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ IRGC အဖွဲ့ကတော့ အစ္စလာမ်ဘာသာနိုင်ငံ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် ခါမေနီက ၁၉၇၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ IRGC (Islamic Revolutionary Guard Corps) ဆိုတဲ့ အီရန်နိုင်ငံ အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဖြစ်ပြီး အီရန်နိုင်ငံရဲ့ အဓိကလက်နက်ကိုင်အင်အားစုတွေထဲက တစ်ခုဖြစ်သလို အီရန်နိုင်ငံ လုံခြုံရေးနဲ့ အာဏာတည်မြဲရေးအတွက် အရေးအကြီးဆုံး အခန်းကဏ္ဍက ပါဝင်ပါတယ်။
Ref, The Jerusalem Post




