၂၂.၇.၂၀၂၅
Translated by Htwe Ko Tun
အရှေ့တောင်အာရှဒေသအတွင်းမှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ငွေ ပမာဏဟာ အနောက်နိုင်ငံတွေက မကြာမီကပဲ ငွေကြေးဖြတ်တောက်မှုတွေကြောင့် လာမယ့် ၂၀၂၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် လျော့ကျသွားနိုင်တယ်လို့ ဩစတြေးလျနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကဲဖြတ်ဝေဖန်မှု ပညာရှင်များအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Lowy Institute က ဇူလိုင်လ၂၀ ရက်မှာ ပြောခဲ့ပါတယ်။
ဆစ်ဒနီမြို့ အခြေစိုက် Lowy Institute ကအရှေ့တောင်အာရှဒေသသို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ငွေပမာဏဟာ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၂၉ ဘီလျံခန့်ရှိခဲ့ရာက ၂၀၂၆ ခုနှစ်မှာ ၂၆ ဒသမ ၅ ဘီလျံ လောက်အထိ ကျဆင်းသွားနိုင်တယ်လို့ သူ့ရဲ့ အစီရင်ခံစာအသစ်တစ်ရပ်မှာ ဖော်ပြခဲ့တာပါ။ ဒီပမာဏက ကိုဗစ်ကပ်ရောဂါမတိုင်မီကာလက ရှိခဲ့တဲ့ နှစ်စဉ်ပျမ်းမျှထောက်ပံ့မှု ဒေါ်လာ ၃၃ ဘီလျံ ခန့်နဲ့ နှိုင်းယှဉ်ရင်တော့ များစွာလျော့ကျလာနိုင်တယ်လို့လည်း ဆိုရမှာပါ။
နှစ်ဦးနှစ်ဖက်ပါဝင်တဲ့ ငွေကြေးထောက်ပံ့မှုကလည်း ၂၀၂၃ ခုနှစ်က ဒေါ်လာ ၁၁ ဘီလျံ ရှိခဲ့ရာကနေ ၂၀၂၆ ခုနှစ်မှာတော့ ၂၀ ရာခိုင်နှုန်းခန့်ကျဆင်းကာ ဒေါ်လာ ၉ ဘီလျံလောက်အထိဖြစ်လာနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ငွေပမာဏတွေကို ဖြတ်တောက်မှုတွေက ဒေသအများအပြားမှာ ဆင်းရဲတဲ့နိုင်ငံတွေကိုပြင်းထန်စွာထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပြီး ငွေကြေးထောက်ပံ့မှုအပေါ် မှီခိုနေရတဲ့ လူမှုရေးကဏ္ဍ ဦးစားပေးမှုကိစ္စတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ မြို့ပြလူနေမှု အဖွဲ့အစည်းတွေအတွက် ထောက်ပံ့ငွေအများစု ဆုံးရှုံးရဖွယ်လည်း ရှိနေပါတယ်။
နေတိုးအုပ်စုဝင်နိုင်ငံတွေအနေနဲ့ ယူကရိန်းသို့ ရုရှားရဲ့တိုက်ခိုက်မှုနဲ့အတူ သူတို့ရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) ရဲ့ ငါးရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ်အဖြစ်သုံးစွဲဖို့ စီစဉ်လာကြတာနဲ့အတူ ဥရောပနဲ့ ယူနိုက်တစ်ကင်းဒမ်းနိုင်ငံတို့က တိုက်ရိုက်မဟုတ်တဲ့ရန်ပုံငွေထောက်ပံ့မှုတွေမှာ ဖြတ်တောက်မှုတွေရှိလိမ့်မယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂနဲ့ ဥရောပခုနစ်နိုင်ငံအစိုးရတွေက ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း ပြည်ပထောက်ပံ့မှုရဲ့ ၂၀ ရာခိုင်နှုန်းခန့် ဒေါ်လာ ၁၇ ဒသမ ၂ ဘီလျံကို လျှော့ချဖို့ရှိပါတယ်။ ယူနိုက်တစ်ကင်းဒမ်းကလည်း ၂၀၂၅ ခုနှစ်မှာ နှစ်စဉ်ပြည်ပထောက်ပံ့မှု အဖြစ်သုံးစွဲနေတဲ့ ဒေါ်လာ ၇ ဒသမ ၆ ဘီလျံကို ဖြတ်တောက်မယ်ဆိုထားတယ်လို့လည်း သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က အမေရိကန်ကနေ ပြည်ပကို နှစ်စဉ် ဒေါ်လာ ၆၀ ဘီလျံလောက် ထောက်ပံ့ပေးနေတဲ့ UDAID အစီအစဉ်ကို ၂၀၂၅ ခုနှစ်အဆန်းပိုင်းမှာ ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ပြည်ပမှ အထောက်အပံ့ရရှိရေးမှာ ကမောက်ကမတွေဖြစ်ခဲ့တာလို့ ဆိုရမှာပါ။ မကြာခင်ကတော့ အမေရိကန် အထက်လွှတ်တော်က အထောက်အပံ့ ဒေါ်လာ ရှစ်ဘီလျံလောက် ပေးနိုင်မယ့်အစီအစဉ်ပြန်ရဖို့ ကြိုးစားနေပါတယ်။
Lowy Institute ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံလို နိုင်ငံကြီးတွေနဲ့နီးစပ်တဲ့အစိုးရတွေကတော့ သူတို့ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမြင်ကွင်းတွေမှာ တရုတ်နိုင်ငံကို အရေးကြီးတဲ့ကဏ္ဍကနေပါဝင်လာစေကြမှာပဲလို့ အစီရင်ခံစာမှာ ခန့်မှန်းခဲ့ပါတယ်။ အရှေ့တောင်အာရှဒေသဖွံ့ဖြိုးမှုအတွက် ငွေကြေးထောက်ပံ့မှုအတွက် တရုတ်နိုင်ငံသာမကဘဲ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါ ပါဝင်လာနိုင်တယ်လို့လည်း အစီရင်ခံစာက ဆိုခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်မှု လျော့နည်းလာနိုင်တဲ့ အလားအလာနဲ့အတူ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်မယ့် နည်းလမ်းသစ်အနည်းငယ်ကို စွန့်စားရှာဖွေကြမှာပဲလို့ သုံးသပ်မှုပြုထားပါတယ်။
တရုတ်နိုင်ငံရဲ့ ပင်လယ်ရပ်ခြားဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့ပမာဏက ကိုဗစ်ကပ်ရောဂါ ကာလအတွင်း သိသိသာသာကျဆင်းခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာတော့ ဒေါ်လာ ၄ ဒသမ ၉ ဘီလျံအထိ ရှိလာတယ်လို့ အစီရင်ခံစာမှာ ဆိုပါတယ်။
ဒီထောက်ပံ့မှုက လူမှုရေးကဏ္ဍကိစ္စတွေထက် ရထားလမ်းဖောက်လုပ်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးလို အခြေခံအဆောက်အအုံကဏ္ဍစီမံကိန်းတွေမှာ အလေးထားမြှုပ်နှံဆောင်ရွက်တာ တွေ့ရမှာပါ။ တရုတ်အစိုးရရဲ့ စီးပွားဖြစ်နှုန်းနဲ့ပေးတဲ့ချေးငွေတွေက အရှေ့တောင်အာရှဒေသအတွင်း လူတစ်ဦးချင်းဝင်ငွေ အလယ်အလတ်နဲ့ မြင့်မားတဲ့နိုင်ငံတွေအတွက်တော့ အကျိုးဖြစ်စေမှာပါ။ ဒါပေမယ့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ အရှေ့တီမောတို့လို ဒေသရဲ့ အဆင်းရဲဆုံးနိုင်ငံတွေမှာတော့ အကူအညီဖြစ်စေမှု နည်းပါးသွားနိုင်ပါတယ်။
အရှေ့တောင်အာရှဒေသအတွင်းမှာတော့ တရုတ်နိုင်ငံအပြင် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးမှုဘဏ်လို အဖွဲ့အစည်းတွေက ပိုမို လူသိများတဲ့ကဏ္ဍမှာရှိနေကြပြီး ဂျပန်နဲ့တောင်ကိုရီးယားတို့ကရော ဒီဒေသမှာ ပြည်ပအထောက်အပံ့ရရှိရေးအတွက် လစ်ဟာသွားတဲ့နေရာတွေကို ဘယ်လိုဝင်ဖြည့်ကြမလဲဆိုတာ ရှင်းလင်းမှုမရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
Lowy Institute က သုတေသန လက်ထောက်တစ်ဦးဖြစ်တဲ့ ဂရေ့စ်စတန်ဟုပ်ကတော့ ဂျပန်နဲ့တောင်ကိုရီးယားတို့ကလည်း မြို့ပြလူမှုစီမံကိန်းတွေ ပါဝင်နိုင်ဖို့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့ပေးရေးအစီအစဉ်ကို တိုးချဲ့လာခဲ့ပြီလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် သူတို့ နှစ်နိုင်ငံကလည်း ဥရောပလိုပဲ ကာကွယ်ရေးအသုံးစရိတ်တိုးချဲ့ဖို့ အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုကလည်း သူတို့အတွက် ပြည်ပကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ငွေပမာဏကို ဖြတ်တောက်မှုတွေ ဖြစ်စေမှာပါ။
ယိုကိုဟားမား အမျိုးသားတက္ကသိုလ်၊ နိုင်ငံတကာလူမှုသိပ္ပံကျောင်းက ပါမောက္ခ ရှီဂါ ဟီရိုအာကီက အနောက်နိုင်ငံတွေနေရာမှာ ပြည်ပဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ငွေပေးဖို့ ဂျပန်က ဝင်ရောက်နေရာယူမယ်ဆိုပေမယ့် သူ့အနေနဲ့ကတော့ မကောင်းမြင်တဲ့ဘက်ကို ပိုပြီးအလေးသာမိတယ်လို့ ဆိုခဲ့ပါတယ်။
သူက ဂျပန်အနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို သမိုင်းတွင်လောက်အောင်မြှင့်တင်လာတော့မယ်ဆိုရင် ပြည်ပဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ငွေတွေကိုဖြတ်တောက်မှုတွေ ပြုလုပ်ရတော့မှာပါ။ Japanese First လက်ယာစွန်းပါတီကလည်း အစိုးရကို သွယ်ဝိုက်ထောက်ပံ့တဲ့ရန်ပုံငွေတွေ နိုင်ငံကို ပြန်ရောက်စေဖို့ ဖိအားပေးနေတယ်။ ဂျပန်မှာကလည်း ကြီးမားတဲ့ဘဏ္ဍာငွေအသုံးစရိတ်လိုငွေပြမှုတွေဖြစ်နေတဲ့အပြင် ပြည်သူလူထုကလည်း အခွန်တိုးကောက်မှုကိုဆန့်ကျင်နေကြတာကြောင့် ပြည်ပဖွံ့ဖြိုးတိုး တက်မှုထောက်ပံ့ငွေကို ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ဖို့ စတေးခံရလိမ့်မယ်လို့ ကျွန်တော်မြင်တယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ငွေကို လာမယ့်နှစ်တွေအတွင်း ဘယ်ကနေရနိုင်မလဲ ကြိုတင်ပြင်ဆင်ကြရတော့မှာပါ။
Ref- Al Jazeera

