၂၁. ၇. ၂၀၂၅
Written by Nay Moe
ဆိုင်ကယ်စီးလာသော အုတ်ဖိုမြို့၊ ကွေ့ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဇနီးမောင်နှံကို ယနေ့နံနက်ပိုင်းက ဦးခေါင်းတည့်တည့် သေနတ်ဖြင့် တစ်ချက်စီပစ်သတ်ပြီး ပါသမျှပစ္စည်းအကုန် လုယက်သိမ်းယူခဲ့သည်ဟု အုတ်ဖို PDF အဖွဲ့က ယခု ဝန်ခံလာသည်။

ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုမြို့၊ ကွေ့ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် ဇနီး ဒေါ် ခင်မာရီတို့အား ယနေ့ ဇူလိုင် ၂၁ ရက် နံနက် ၆ နာရီခန့်တွင် ကွေ့ချောင်းရပ်ကွက်ထိပ်ရှိ လမ်းမပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ PDF များက ဦးခေါင်းတည့်တည့်ကို ကျည် ၁ ချက်စီ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ထံမှ လက်ပစ်ဗုံး ၁ လုံး၊ ဖျူစ် ၁ ခု၊ မိုဘိုင်းလ်ဖုန်း ၁ လုံး၊ မှတ်ပုံတင်ကတ် ၂ ခု၊ လုံကြမ်းကတ် ၁ ခု၊ ငွေသား ၈၅၀၀၀ ကျပ် သိမ်းဆည်းရရှိခဲ့သည်ဟု ပြောသည်။

သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် ဇနီး ဒေါ် ခင်မာရီ သည် လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအား မဲထည့်ရန်အပြင် ကြံ့ဖွံ့ပါတီထဲဝင်ရောက်ပါက စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဆိုကာ လူငယ်များကို စည်းရုံးခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ အုပ်ချုပ်ရေးမှူး ဦရဲအောင်သည် လုံကြမ်းအဖွဲ့ခေါင်းဆောင် တာဝန်ယူကာ တော်လှန်ရေးအဖွဲ့များအား စုံစမ်းထောက်လှမ်း သတင်းပေးခြင်းများ လုပ်ဆောင်နေသူဖြစ်သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက စွပ်စွဲထားသော်လည်း ထိုစွပ်စွဲချက်များ မှန် မမှန် MT News က မြေပြင် အတည်မပြုနိုင်ချေ။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
