၂၁. ၇ .၂၀၂၅
Written by Hey Mar
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်စီစာအုပ်စုရှိ လုပ်ကွက်ဟောင်းတစ်ခုက မြေစာပုံပြိုကျတာကြောင့် မြေစာပုံပေါ်မှာ ရေမဆေးကျောက်ရှာဖွေနေသူတချို့ မြေစာပိမိကာ သေကြေပျောက်ဆုံးနေတဲ့ဖြစ်စဉ် ဒီနေ့ ဇူလိုင် ၂၁ ရက်က မနက် ၉ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဖားကန့်အခြေပြု လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါ မြေစာပုံတည်ရှိတဲ့ လုပ်ကွက်ဟောင်းကို တင်အောင်ကြိုင်ကုမ္ပဏီလုပ်ကွက်ဟောင်းလို့ ဒေသခံတွေက ခေါ်ဆိုကြပြီး မှော်စီစာအုပ်စု သာယာကုန်းကျေးရွာမှာ တည်ရှိတယ်လို့ သိရပါတယ်။ မြေစာပြိုကျမှုဖြစ်စဉ်ဖြစ်ပွားချိန်က အဲ့ဒီမြေစာပုံပေါ်မှာ လူ အယောက်နှစ်ဆယ်ခန့် ရှိနေပြီး အခု အခါ ၁၇ ဦးရဲ့ အမည်စာရင်းကို သိရပြီလို့လည်း ဆိုပါတယ်။
“ရှေ့ရက်တွေက မိုးက တောက်လျှောက်ရွာထားတာ။ အခု မိုးလေ နည်းနည်းကင်းတယ်။ အရင်ရက်တွေ ရွာထားတဲ့ မိုးကြောင့် မြေသားအိကျပြီး မြေစာပြိုတာ၊ အမြင့်ပေ ၂၀၀လောက်ကနေ မြေကြီးတွေနဲ့ အတူပိကျသွားတာမို့ အခုမှ နှစ်လောင်းပဲ ဖော်လို့ရသေးတယ်။ ကျန်တာတွေက မလွယ်လောက်ဘူး။ လူကုန်ပြန်ရဖို့ မလွယ်ဘူး။ ဆက်တူးဖို့ ခက်တယ်” လို့ မှော်စီစာ – ဆိပ်မူအခြေပြု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မြေစာပုံပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး အကြီးဆုံး ဖြစ်စဉ်တစ်ခုဖြစ်တဲ့ လူရာချီသေဆုံးမှုဖြစ်စဉ်က ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ လုံးခင်းကျေးရွာအနီးက စွန့်ပစ်မြေစာပုံပြိုကျကာ လူပေါင်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၁၀၀ကျော် ပျောက်ဆုံးခဲ့တာပါ။


