၂၁.၇.၂၀၂၅
Translated by Htwe Ko Tun
အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အေပက်) ရဲ့ ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိ ကျင်းပသွားတဲ့အခါ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်အနေနဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တရုတ်နိုင်ငံကို ဝင်ရောက်လည်ပတ်တာ ဒါမှမဟုတ် အေပက်ဆွေးနွေးပွဲကျင်းပနေတုံး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြတာမျိုးပြုလုပ်လိမ့်မယ်လို့ South China Morning Post သတင်းစာက ဇူလိုင်လ ၂၀ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အနေနဲ့ နှစ်ဖက်အပြန်အလှန် ကုန်သွယ်စည်းကြပ်ခွန်တွေ တိုးမြှင့်ကောက်ခံမှု အရှိန်မြင့်လာတာကို အဆုံးသတ်စေဖို့ ညှိနှိုင်းဆွေးနွေးဖို့ကြိုးစားနေကြတာပါ။ နှစ်နိုင်ငံ ဒီလိုအပြန်အလှန်လုပ်ဆောင်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ရပ်ဆိုင်းစေခဲ့ပါတယ်။
နှစ်ဖက်စလုံးက ဒီနှစ်အတွင်း ဒေသအတွင်းမှာ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနိုင်မှု အလားအလာကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က ဘယ်အချိန်၊ ဘယ်နေရာမှာ ပြုလုပ်မယ်ဆိုတာ အတည်မပြုခဲ့ကြပါဘူးလို့ နီးစပ်တဲ့အတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။
သမ္မတ ထရမ့်ပ်က ပြည်ပမှတင်သွင်းကုန်တွေအတွက် အမေရိကန်က ကုန်ပစ္စည်းတင်သွင်းသူတွေကို ကုန်သွယ်စည်းကြပ်ခွန်တွေ ပြဌာန်းခဲ့တာပါ။ သူက ဒီလိုဆောင်ရွက်မှုကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းတွေကို ထုတ်လုပ်မှုမြှင့်တင်ပေးရာရောက်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝေဖန်ရေးသမားတွေကတော့ လူသုံးကုန်ပစ္စည်းအများအပြားသာ ဈေးနှုန်းမြင့်တက်လာမယ်လို့ ဆိုခဲ့ကြပါတယ်။
ထရမ့်ပ်ကအမေရိကန်သို့ နိုင်ငံအားလုံးမှ တင်သွင်းကုန်တွေအပေါ် အခြေခံအနေနဲ့ ကုန်သွယ်စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့တာပါ။ ဒါပေမယ့် တချို့သွင်းကုန်တွေအပေါ်မှာတော့ ဒီထက်အခွန်နှုန်းတိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကသွင်းကုန်တွေဆိုရင် အမြင့်ဆုံး ၅၅ ရာခိုင်နှုန်းအထိတောင် အခွန်သတ်မှတ်ထားတာပါ။
ထရမ့်ပ်က နှစ်နိုင်ငံအကြားလက်ခံနိုင်ဖွယ်ရှိတဲ့ အခွန်စည်းကြပ်မှုနှုန်းထား သဘောတူညီမှုတစ်ရပ်ရရှိဖို့ နောက်ဆုံးရက်ကို ဩဂုတ်လ ၁၂ ရက်အဖြစ် သတ်မှတ်ခဲ့တာပါ။
နှစ်နိုင်ငံကြားအဆင့်အမြင့်ဆုံးအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ဟာ ဇူလိုင်လ ၁၁ ရက်က မလေးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ရူဘီအိုက သမ္မတ ထရမ့်ပ် ကို တရုတ်နိုင်ငံက ဖိတ်ခေါ်မှုပြုခဲ့တယ်လို ပြောခဲ့ပါတယ်။
ဇူလိုင်လ ၁၈ ရက်မှာတော့ တရုတ်စီးပွားရေးဝန်ကြီး ဝန်ဝမ်တောင်က တရုတ်အစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ ကုန်သွယ်ရေးဆက်ဆံမှုတွေကို တည်ငြိမ်မှုရှိစေလိုတယ်လို့ပြောခဲ့ပြီး မကြာမီက ဥရောပမှာ ဆွေးနွေးပွဲတစ်ခုကလည်း ကုန်သွယ်စည်းကြပ်ခွန်စစ်ပွဲဖြစ်ဖို့ မလိုအပ်ပါဘူးလို့ ဆိုခဲ့ကြပါတယ်။
Ref——-Reuters
