◼️ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပထမဆုံးအကြိမ် အဖြစ်ပြုလုပ် သွားကြမည်
၂၁.၇.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပထမဆုံးအကြိမ်အနေနဲ့ ပြုလုပ်သွားကြမယ်လို့ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက် က တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုတ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လအတွင်းမှာပဲ တရုတ်နိုင်ငံတောင်ပိုင်း၊ ဗီယက်နမ်နယ်စပ်မှာရှိတဲ့ ဂွမ်ဆီဇွန် ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေအတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
နှစ်နိုင်ငံအကြားနယ်စပ်ဒေသမှာ ပိုင်နက်အငြင်းပွားမှုတွေရှိပေမယ့် အမေရိကန်က ကုန်သွယ်စည်းကြပ်ခွန်တွေ တိုးမြှင့်ကောက်ခံဖို့ ဆောင်ရွက်လာတာနဲ့အတူ ကွန်မြူနစ်ပါတီတွေက ခေါင်းဆောင်တဲ့ တရုတ်နဲ့ ဗီယက်နမ် အိမ်နီးချင်းနှစ်နိုင်ငံအကြား ပြီးခဲ့တဲ့လတွေအတွင်း စစ်ဖက်ဆက်ဆံမှု တွေတိုးမြင့်လာတာပါ။ နှစ်ဖက်စလုံးက ပူးတွဲရေတပ်နဲ့ ကြည်းတပ်ကင်းလှည့်မှုတွေကို ဆောင်ရွက်လာခဲ့တာကြာပါပြီ။ ဒါပေမယ့် လာမယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကတော့ နှစ်နိုင်ငံစစ်တပ်တွေအကြား ပထမဆုံးဖြစ်ပါတယ်။
စီးပွားရေးပိုင်းမှာလည်း တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ စက်မှုကဏ္ဍအတွက် အဓိကထောက်ပံ့သူလည်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကုန်သွယ် စည်းကြပ်ခွန်တိုးမြှင့်မှု အရှိန်ရလာတဲ့အချိန် ဧပြီလအတွင်းက တရုတ်သမ္မတရှီကျင့်ဖိန် ဗီယက်နမ် နိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့ရာမှာ အာရှအိမ်နီးချင်းတွေအနေနဲ့ တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုကို တွန်းလှန်ဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောခဲ့ပါတယ်။
နှစ်နိုင်ငံအကြား ခုလိုစစ်ရေးပူးပေါင်းဆောင်ရွက်မှုက တရုတ်နဲ့ ဗီယက်နမ်တို့ရဲ့ သံတမန်ဆက်ဆံမှုက ဒီနှစ်ထဲမှာ ၇၅ နှစ်ပြည့်မြောက်မှုနဲ့လည်း သွားရောက်တိုက်ဆိုင်နေပါတယ်။ ဧပြီလ ၃၀ ရက်ကလည်း ဗီယက်နမ် ပြည်တွင်းစစ်အဆုံးသတ်ပြီး ပြန်လည်ပေါင်းစည်းမှု နှစ် ၅၀ ပြည့်မြောက်မှုအဖြစ် ချီတက်ပွဲအခမ်းအနားမှာလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တပ်ဖွဲ့တွေက ပါဝင်ချီတက်ခဲ့ကြပါသေးတယ်။
ဧပြီလအတွင်းကပဲ တရုတ်ကာကွယ်ရေးဝန်ကြီး ဒုန်ဂျွန်က ဗီယက်နမ်မြောက်ပိုင်းကို သွားရောက်လည်ပတ်ခဲ့ပြီး ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဂီယန်နဲ့ တွေ့ဆုံဆွေးနွေးကာ နှစ်ဘက်လုံးက ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ကတိပြုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း တရုတ်နိုင်ငံက လက်နက်ကိုင်ရဲတပ်ဖွဲ့နဲ့ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်းရဲတပ်ဖွဲ့တို့ဟာ အကြမ်းဖက်မှုဆန့်ကျင်တိုက်ခိုက်ရေးလေ့ကျင့်ခန်းများကို တရုတ်နိုင်ငံ၊ ဂွမ်ဇီပြည်နယ်မှာ ပြုလုပ်ခဲ့ကြပါသေးတယ်။
တစ်ချိန်ထဲမှာပဲ သူတို့နှစ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း သူတို့ရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ပြောကြားချက်တွေကို အခိုင်အမာဆိုနေကြဆဲဖြစ်ပါတယ်။ ဗီယက်နမ်အစိုးရက တောင်တရုတ်ပင်လယ်အတွင်း တရုတ်အစိုးရရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဝေဖန်လာခဲ့တာပါ။ ၂၀၂၁ ခုနှစ်ကစလို့ ဗီယက်နမ်အစိုးရက ဝေဖန်သံတွေတိတ်သွားပေမယ့် တောင်တရုတ်ပင်လယ်အတွင်း စပရတ်လီကျွန်းတွေမှာ သူ့ ရဲ့ ကျွန်းတည်ဆောက်ရေးလုပ်ငန်းတွေကို ပုံမှန်လုပ်ဆောင်လာပါတယ်။
ဇွန်လအတွင်းက တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တွေးခေါ်ပညာရှင်တွေအဖွဲ့တစ်ဖွဲက ဗီယက်နမ်နိုင်ငံဟာကျွန်းတွေပေါ်မှာနဲ့သူသိမ်းယူထားတဲ့ အငြင်းပွားနေတဲ့ ကျွန်းတုတွေပေါ်မှာ နယ်မြေချဲ့ ထွင်ဆောင်ရွက်မှုတွေ လုပ်နေပြီး ဆိပ်ကမ်းတွေနဲ့ လေယာဉ်ကွင်းတွေဆောက်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် တရုတ်ဘက်က ဗီယက်နမ်အစိုးရအပေါ် လူသိရှင်ကြားဝေဖန်မှုမျိုးတော့မလုပ်ခဲ့ပါဘူး။ ဒါကလည်း သူတို့နှစ်နိုင်ငံကြား ဆက်ဆံရေးနွေးထွေးလာမှုနဲ့ တရုတ်နိုင်ငံအနေနဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ အမေရိကန်တို့အကြား စစ်ရေးမဟာမိတ်ချုပ်ဆိုမှုတွေအပေါ် စိုးရိမ်မှု မြင့်တက်လာနေတာပြတာပဲလို့ သုံးသပ်ရပါတယ်။
တစ်ဖက်မှာလည်း တရုတ်နိုင်ငံက ဖိလစ်ပိုင်အစိုးရရဲ့ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်တောင်းဆို ပြောကြားမှုတွေကိုပြင်းထန်စွာဆန့်ကျင်မှု၊ နှစ်နိုင်ငံကမ်းခြေစောင့်တပ်သင်္ဘောတွေ အကြားတိုက်ခိုက်မှုတွေဖြစ်ပွားမှုတွေကြောင့် ဒေသအတွင်းတင်းမာမှုက မြင့်တက်လာနေရပါတယ်။ ဒါကြောင့် တစ်ဖက်မှာ တရုတ်နိုင်ငံအနေနဲ့ ဗီယက်နမ်နိုင်ငံကို မဟာမိတ်နိုင်ငံအဖြစ် တည်ရှိရေး ဘက်ပေါင်းစုံက စည်းရုံးလှုပ်ရှားနေတာလို့ဆိုရမှာပါ။
Ref———SCMP
