၂၁.၇.၂၀၂၅
Written by Hey Mar
အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လုံခြုံရေးရဲကင်းရုံကိုဝင်တိုက်မိလို့ တာဝန်ကျရဲတပ်သားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇူလိုင် ၂၁ရက် နေ့လည် ၁ နာရီ ၁၅ မိနစ် အချိန်ခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သဲဖြူချောင်းတံတားမှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ကျိုက်ထိုဘက်ကနေ မော်လမြိုင်ဘက်ကို မောင်းနှင်လာတဲ့ အာကာမင်း ခရီးသည်တင်မှန်လုံယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ သဲဖြူချောင်းတံတားရဲကင်းရဲ့ ဘန်ကာကို ဝင်တိုက်မိခဲ့တာကြောင့် တာဝန်ကျရဲတပ်သားတစ်ဦးနေရာတင်သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တာလို သိရပါတယ်။
“ကားပေါ်က ခရီးသည်တွေ အန္တရာယ်ကင်းတယ်။ ယာဉ်မောင်းကတော့ထွက်ပြေးသွားပါတယ်”လို မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဒေသခံလူမှုကူညီရေးအသင်းထံ MT News က ဆက်သွယ်မေးမြန်းရာမှာပြန်လည်ဖြေကြားပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားတဲ့သတင်းအရ ကျိုက်ထိုမြိုနယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတိုရဲ့ ရုပ်အလောင်းကို ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းမှယာဉ်နဲ့ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


