MT News
၂၁. ၇. ၂၀၂၅
ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိမ်နင်းရာ၌ ဖမ်းဆီးရမိသော သံသယရှိသူဦးရေ ၂,၇၆၇ ဦးအထိ တိုးလာပြီဖြစ်ကြောင်း သတင်းပြန်ကြားရေးဝန်ကြီး Neth Pheaktra က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး အထူးကော်မတီဝင်တစ်ဦးလည်းဖြစ်သော Pheaktra က အာဏာပိုင်များသည် နိုင်ငံတစ်ဝန်း မြို့နယ်နှင့် ခရိုင် ၂၅ ခုအနက် ၁၅ မြို့နယ်နှင့် ခရိုင်တို့ရှိ နေရာ ၅၂ ခုကို စီးနင်းခဲ့ကြောင်း ပြောကြားခဲ့သည်။
“တော်ဝင်အစိုးရက အွန်လိုင်းလိမ်လည်မှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့ အမိန့်ထုတ်ပြန်ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်အထိ မြို့နယ်နဲ့ ခရိုင်အာဏာပိုင်တွေက သံသယရှိသူ စုစုပေါင်း ၂,၇၆၇ ဦးကို ဖမ်းဆီးထားပါတယ်” ဟု ၎င်းက မီဒီယာများသို့ တယ်လီဂရမ်မှတစ်ဆင့် ပေးပို့သော စာတိုတွင် ပြောကြားခဲ့သည်။

Pheaktra က သံသယရှိသူ ခေါင်းဆောင်အချို့ကို တရားစွဲဆိုရန် တရားရုံးများသို့ ပို့ဆောင်ထားပြီး သံသယရှိသူအများစုကို ၎င်းတို့၏ မွေးရပ်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖမ်းမိသူအများစုမှာ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံသားများလည်းပါဝင်သလို ထိုင်း၊ လာအို၊ အိန္ဒိယ၊ နီပေါ၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှလည်း လူအနည်းငယ်စီပါဝင်သည်။
အဆိုပါ အရှေ့တောင်အာရှနိုင်ငံသည် လုံခြုံရေး၊ ပြည်သူ့စည်းကမ်းနှင့် လူမှုဘေးကင်းလုံခြုံရေးတို့ကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ဆိုက်ဘာလိမ်လည်မှုကွန်ရက်များကို ဇူလိုင် ၁၄ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကြုံစဖူး နှိမ်နင်းမှု စတင်ခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အဆိုပါ နှိမ်နင်းရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန် လက်နက်ကိုင်တပ်ဖွဲ့များကို ပြင်ဆင်ထားရန် အမိန့်ပေးခဲ့ပြီး ဤလုပ်ငန်းများကို အဟန့်အတားဖြစ်စေသော မည်သည့်အရာရှိမဆို ရာထူးမှ ထုတ်ပယ်မည်ဟု သတိပေးခဲ့သည်။
တရားရေးဝန်ကြီးဌာနက Pursat ပြည်နယ်တရားရုံး၏ ဒုတိယရှေ့နေတစ်ဦးအား အွန်လိုင်းလိမ်လည်မှု သံသယရှိသူ အချို့ကို လွှတ်ပေးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးနေစဉ်အတွင်း ရာထူးမှ ဆိုင်းငံ့ထားကြောင်း ပြောကြားခဲ့သည်။
Ref, Xinhua & ABC
