၂၁. ၇. ၂၀၂၅
Written by Nyein Kyaw
ပြည်ပခရီးသွားဝင်ရောက်မှု တိုးတက်ရေးသာမက ပြည်တွင်းခရီးသွား တိုးတက်ရေးကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်နေသောကြောင့် ငလျင်ကြောင့် ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်/တည်းခို ရိပ်သာများ ပွင့်လင်းရာသီကာလတွင် လုပ်ငန်းလည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက ယမန်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် မှာကြားခဲ့သည်။
မန္တလေးငလျင်ကြီးကြောင့် ရပ်တန့်သွားသော စစ်ကိုင်းမြို့၏ ခရီးသွားလုပ်ငန်းများ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၏ လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေစေရေးအတွက် ညှိနှိုင်းပေါင်းစပ်ပေးရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွား တိုးတက်ဝင်ရောက်လာရေးအတွက် သာမက ပြည်တွင်းခရီးသွား တိုးတက်ရေးကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် အမြန်ဆုံးပြန်လည်ထူထောင်လာရေးအတွက် တွန်းအားပေးဆောင် ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသော စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် အသိအမှတ်ပြု အင်ဂျင်နီယာများဖြင့် ပြုပြင်မွမ်းမံမှုများဆောင်ရွက်ပြီး ပွင့်လင်းရာသီကာလအတွက် လုပ်ငန်းများလည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။


