ပုံစာ- ဇူလိုင် ၁၉ ရက်က ဝဇီရာရုပ်ရှင်ရုံသို့ SAC ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့မှုကို တွေ့ရစဉ်။
၂၁. ၇. ၂၀၂၅
Written by Nyein Kyaw
ပြင်သစ်ဗိသုကာပုံစံများဖြင့် တည်ဆောက်ထားသော ရှေဟောင်း ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre)အဖြစ် ဆောင်ရွက်သွားမည်ဖြစ်၍ ဝဇီရာရုပ်ရှင်ရုံနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ ပေးပို့လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။
ဝဇီရာရုပ်ရှင်ရုံကြီးအား နိုင်ငံတော်အစိုးရက ဂုဏ်ပြုခံကဇာတ်ရုံကြီး (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်စီစဉ်လျက်ရှိပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပြီးပါက ရုပ်ရှင်ရုံအဖြစ်သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းများ၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့် နေရာများအဖြစ်ပါ အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဝဇီရာရုပ်ရှင်ရုံနှင့် ပတ်သက်သည့် အဆောက်အအုံဆိုင်ရာ အချက်အလက်များ၊ ပုံစံကားချပ်များ၊ ဖျော်ဖြေတင်ဆက်မှုနှင့် ကြည့်ရှုအားပေးမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများအား မူရင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများသို့ ပေးပို့လှူဒါန်းနိုင်ကြောင်း မေတ္တာရပ်ခံထားသည်။
“လက်ရှိကျွန်တော်တို့ဆီမှာရှိတဲ့ အထောက်အထားတွေလည်း တချို့ဟာတွေရှိပါတယ်။ ဒီလိုရှိတဲ့အပြင်ကိုမှ ပေးပို့လာတဲ့ ဓာတ်ပုံတွေ၊ အထောက်အထားတွေ ထပ်ရတဲ့အခါကြရင် အဲဒီခေတ်ကိုမီခဲ့တဲ့ သက်ကြီးပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်။ ဥပမာ မင်းသားကြီးဦးဌေးအောင်တို့၊ ဦးအောင်လွင်တို့ သက်ကြီးပုဂ္ဂိုလ်တွေအများကြီး ကျွန်တော်တို့ ရုပ်ရှင်လောကမှာ ကျန်ပါသေးတယ်။ ဒီလူပုဂ္ဂိုလ်တွေနဲ့ ပြပြီးစိစစ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးချမ်းသာကြည်စိုးက ပြောသည်။
လှူဒါန်းလိုသူများအနေနဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့် (ဖုန်း-၀၉ ၇၉၈၃၇၄၇၀၉၊ ၀၁၇ ၅၃၆၀၃၀) နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးချမ်းသာကြည်စိုး (ဖုန်း- ၀၉ ၇၆၅၂၆၂၆၇၉၊ ၀၉ ၇၉၈၃၇၄၇၀၉၊ ၀၁၇ ၅၃၆၀၃၀) များသို့ ဆက်သွယ်ပေးပို့လှူဒါန်းနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြိုနယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ အဆိုပါ ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်တွင် တည်ဆောက်ထားရှိခဲ့ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများဖြင့် တည်ဆောက်ထားသော ရှေးဟောင်းအဆောက်အဦတစ်လုံးဖြစ်ပြီး ယခုအခါ ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကိုယ်တိုင် ဇူလိုင် ၁၉ ရက်နေ့က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး နိုင်ငံတကာအဆင့်မီသည့် ရုပ်ရှင်ရုံတစ်ခုအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရုပ်ရှင်ရုံ၏ ယခင်မူလမှတ်တမ်းဓာတ်ပုံများအား ပြန်လည်စုဆောင်း၍ ယခင်ပုံစံအတိုင်း မူလလက်ရာမပျက်စေဘဲ စနစ်တကျဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ပုံစာ- ဇူလိုင် ၁၉ ရက်က ဝဇီရာရုပ်ရှင်ရုံသို့ SAC ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့မှုကို တွေ့ရစဉ်။


