၂၁. ၇ .၂၀၂၅
Written by Hey Mar
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလတံတားပေါ်မှာ အိမ်စီးယာဉ်ငယ်တစ်စီး အရှိန်လွန်မောင်းနှင်မှုကြောင့် ဓာတ်တိုင်ဝင်တိုက်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် မနေ့က ဇူလိုင်လ ၂၀ ရက်နေ့ ညသန်းခေါင်ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အောင်ရဲသူ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဗိုလ်တစ်ထောင်ခရိုင်၊ မဟာဗန္ဓုလတံတားပေါ်၊ ဒေါပုံဘက်ကိုအသွား ဗိုလ်တထောင်ဘက်အခြမ်း တံတားအတက်မှာ Hiace ကားတစ်စီးက ဓာတ်တိုင်၀င်တိုက်ကာ ယာဉ်တိမ်းမှောက်မှူဖြစ်ပွားနေတဲ့ သတင်းအရ လူမှုကူညီရေး အသင်းတွေ ရောက်ရှိကူညီရာ မောင်းနှင်လာသူ အမျိုးသားမှာ ကားနဲ့ ဆယ်ပေခန့်အကွာ ပလက်ဖောင်းပေါ်မှာ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။
အောင်ရဲသူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ယာဉ်မောင်းက ခါးပတ်မပတ်ထားဘူး။ နောက်ပြီး သူငယ်ချင်းတွေနဲ့အတူ ဘီယာဆိုင်ထိုင်ခဲ့ပြီး သူတစ်ဦးတည်း ကားမောင်းထွက်လာတာ။ တံတားကလည်း မှောင်တာရော၊ အရှိန်ပါတာရော ပါမှာပေါ့။ တံတားပလက်ဖောင်းပေါ်က ဓာတ်တိုင်ဝင်တိုက်တာ ဓာတ်တိုင်က နှစ်ပိုင်းကျိုးသွားတယ်။ လူက ကားထဲကနေ ထွက်ကျပြီး နောက်စေ့ကွဲ လက်အရိုးကျိုး ဒဏ်ရာတွေနဲ့ ကျွန်တော်တို့ အသင်းတွေရောက်တော့ ဆုံးနေပြီ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှင်သန်ရေးလူမှုကူညီရေးအသင်းကားနဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ရာ ဆေးရုံကြီးက PR – 013 နဲ့ လက်ခံထားရှိကြောင်းလည်း သိရပါတယ်။


