၂၁.၇.၂၀၂၅
Written By Zun
မလေးရှားနိုင်ငံတွင် အသက် ၂၀ ကျော် မြန်မာအမျိုးသမီးတစ်ဦး ကားတိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်က လမ်းဖြတ်ကူးစဉ်ကားတိုက်ခံရကာ သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ မလေးရှားနိုင်ငံ၊ ပဲရပ်ပြည်နယ်၊ ကွာလာကစမြို့တွင် အလုပ်လုပ်ကိုင်နေသူ အသက် ၂၃ နှစ်အရွယ် မအေးသန္တာဖြိုးဖြစ်ကြောင်း သိရသည်။
အဆိုပါကားတိုက်မှု ဖြစ်စဉ်နေရာသို့ မလေးရှားယာဉ်ထိန်းဌာနက ကွာလာလမ်ပူဆေးရုံသို့ ပို့ဆောင်ထားပြီး ရုပ်အလောင်းကို သင်္ဂြိုဟ်ပေးရန် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ထံ အကူအညီတောင်းခံထားကြောင်း သိရသည်။
“ယာဉ်မှုစစ်နဲ့ ဆေးရုံက သင်္ဂြိုဟ်ပေးဖို့ အကူအညီတောင်းထားတယ်။ နာရေးကို လုပ်ပေးသွားမယ်။ ဒါပေမဲ့ အခုက ကွယ်လွန်သူရဲ့ မိသားစု၊ မိတ်သင်္ဂဟတွေ သိဖို့နဲ့ မလေးရှားမှာ သေဆုံးသူရဲ့ မိတ်ဆွေတွေ သိဖို့လိုတယ်။ ဒါကြောင့် အချိန် စောင့်နေကြတယ်”ဟု မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ဝင်တစ်ဦးက MT News ကို ပြောသည်။
ကားတိုက်မှုကြောင့် သေဆုံးသွားသူ မအေးသန္တာဖြိုးမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ လင်ပန်းကျကျေးရွာ ဇာတိ ဖြစ်ကြောင်း၊ သူမကိုသိရှိသူများအနေဖြင့်လည်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) သို့ ဆက်သွယ်ပေးစေလိုကြောင်း အသင်းက နှိုးဆော်ထားသည်။
