၂၁.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘေ့ာစတန်မြို့က Coldplay ကဇာတ်ပွဲမှာ ကုမ္ပဏီတစ်ခုတည်းက တိတ်တိတ်ပုန်းဇာတ်လမ်းရှိကြတဲ့ အမှုဆောင်အရာရှိချုပ် အန်ဒီဘိုင်ရွန်နဲ့ လူသားအရင်းအမြစ်ဌာနအကြီးအကဲ မစ္စက် ခရစ်စတင်းကာဘော့တို့ဟာ ဇူလိုင် ၁၆ ရက်ညက လာရောက်ကြည့်ရှုနေရာက ကဇာတ်ပွဲမှာ သူတို့စုံတွဲကို Kiss Cam Moment အတွက် ရွေးချယ်ခံခဲ့ရပါတယ်။
ဒီမှာတော့ အထုတ်ဖြည်ပြသလို အွန်လိုင်းပေါ်ရောက်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ဇာတ်လမ်းက ကမ္ဘာကျော်ခဲ့ရတာနဲ့အတူ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အန်ဒီဘိုင်ရွန်မှာ ဇူလိုင် ၁၉ ရက်မှာတော့ ရာထူးကနေ နုတ်ထွက်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
နယူးယော့ခ်မြို့ အခြေစိုက် Astronomer ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အန်ဒီဘိုင်ရွန်နဲ့လူသားအရင်းအမြစ်ဌာနအကြီးအကဲ မစ္စက် ခရစ်စတင်းကာဘော့ နှစ်ဦးစလုံးက အိမ်ထောင်သည်တွေဖြစ်ကြတဲ့အပြင် ကုမ္ပဏီတစ်ခုတည်းက လုပ်ဖော်ကိုင်ဘက်တွေလည်းဖြစ်ကြပါတယ်။ ဒီမှာ Kiss Cam Moment အတွက် သူတို့စုံတွဲကို ကင်မရာမီးမောင်းနဲ့ ရုတ်တရက်ထိုးပြီးရွေးချယ်ခဲ့မှုမှာ နှစ်ဦးသားအပြေးအလွှား ကင်မရာမြင်ကွင်းကို ရှောင်တိမ်းကြတဲ့အဖြစ်က အွန်လိုင်းပေါ်ရောက်သွားလို့ သူတို့ မည်သူမည်ဝါ သိကုန်ကြချိန်မှာတော့ ကျော်မကောင်းကြားမကောင်း ဖြစ်ခဲ့ရတာပါ။
Astronomer ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကလည်း ဘိုင်ရွန်ရဲ့ ရာထူးမှနုတ်ထွက်မှုကို လက်ခံခဲ့ပြီး နောက်ထပ် အမှုဆောင်အရာရှိချုပ်အသစ်ရွေးချယ်ဖို့ ဆောင်ရွက်နေတယ်လို့ ကြေညာခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့လုပ်ငန်းခေါင်းဆောင်တွေကို ပြုမူနေထိုင်မှုနဲ့ တာဝန်ယူမှုနှစ်ခုစလုံးအတွက် သတ်မှတ်အဆင့်အတန်းနဲ့ ကိုက်ညီကြဖို့ မျှော်လင့်ထားရာမှာ ဒီဖြစ်ရပ်က မျှော်လင့်ထားသလို မဟုတ်ခဲ့ဘူးလို့ Astronomer က ပြောခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ထုတ်လုပ်ရေးအရာရှိချုပ် ပီတိဒီဂျွိုင်း(Pete Dejoy) ကို ကြားဖြတ်အမှုဆောင်အရာရှိချုပ်အဖြစ်ဆောင်ရွက်ဖို့ ရွေးချယ်ခဲ့တယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်အပြီးမှာပဲ ကုမ္ပဏီရဲ့ အွန်လိုင်းပေါ်ရှိ ခေါင်းဆောင်မှုစာမျက်နှာမှာ ဘိုင်ရွန်ရဲ့ အမည်ကိုဖယ်ရှားခဲ့ပြီး ဒီဂျွိုင်းကို အမှုဆောင်အရာရှိချုပ်အဖြစ် ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဝက်ဘ်ဆိုတ်မှာ ဘိုင်ရွန်က ဒါရိုက်တာဘုတ်အဖွဲ့တစ်ဦးအနေနဲ့တော့ ဆက်ရှိနေတယ်လို့ဆိုပါတယ်။
အမှုဆောင်အရာရှိချုပ် အန်ဒီဘိုင်ရွန် ရာထူးကနေနုတ်ထွက်ခဲ့ပြီးတဲ့နောက်မှာတော့ လူသားအရင်းအမြစ်ဌာနအကြီးအကဲခရစ်စတင်းကာဘော့အနေနဲ့ရော အလားတူဆုံးဖြတ်ချက်ချမှတ်မလားဆိုတာ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးလုံးကတော့ ဒီအဖြစ်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ပြောဆိုကြေညာချက်ထုတ်မှုတွေမရှိဘဲ ဆိတ်ဆိတ်နေကြတယ်လို့လည်း သိရပါတယ်။
Ref- CNN
