၂၁.၇.၂၀၂၅
Translated by Htwe Ko Tun
ယူကရိန်းသမ္မတဇယ်လန်စကီးက နောက်အပတ်အတွင်း ရုရှားနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲ အသစ်တစ်ခု ပြုလုပ်သွားဖို့ အဆိုပြုချက်တစ်ရပ်ကို ဇူလိုင်လ ၁၉ ရက်က ကြေညာခဲ့တယ်လို့သိရပါ တယ်။
ဇူလိုင် ၁၉ ရက် ညဘက်မှာပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ဇယ်လန်စကီးက ယူကရိန်းရဲ့မကြာမီက ခန့်အပ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး ရပ်စတမ် ယူမီရော့ဗ် က နှစ်ဖက်ခေါင်းဆောင်တွေတွေ့ကြဖို့ကိုအလေးထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ရပ်ကို ရုရှားဘက် ကမ်းလှမ်းခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
ဒါ့ပြင် ဇယ်လန်စကီး က “နှစ်ဖက်အကျဉ်းသားတွေလဲလှယ်ဖို့ ဆွေးနွေးပွဲတွေကိုလည်းဆက်လက်ပြုလုပ်နေပါတယ်။ အစ္စတန်ဘူလ်မှာလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာရခဲ့တဲ့ သဘောတူညီချက်တွေကိုလည်း ကျွန်တော်တို့ဆက်လက်အကောင်အထည်ဖော်နေပါတယ်၊ အခုဆိုရင် ကျွန်တော်တို့ဘက်က နောက်ထပ် အပြန်အလှန် လဲလှယ်မှုတစ်ရပ်အတွက် ဆောင်ရွက်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
သူက အပစ်အခတ်ချက်ချင်းရပ်စဲနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲတွေရဲ့ အရှိန်တိုးတက်လာဖို့လိုအပ်တယ်လို့လည်း အလေးထားပြောခဲ့ပါတယ်။ အကျဉ်းသားတွေလဲလှယ်ရေး၊ ကလေးသူငယ်တွေ ပြန်ပို့ရေး၊ သတ်ဖြတ်မှုတွေအဆုံးသတ်ရေး စတာတွေအပြင် ခေါင်းဆောင်တွေအဆင့် ညှိနှိုင်းဆွေးနွေးပွဲ က အမှန်တကယ်ငြိမ်းချမ်းရေးရဖို့ လိုအပ်ပါတယ်။ ဒါမှလည်းငြိမ်းချမ်းရေးကကြာရှည်တည်တံ့မှာပါ။ ယူကရိန်းအနေနဲ့ ဒီလိုဆွေးနွေးပွဲမျိုးလုပ်ဖို့အဆင်သင့်ပါပဲ လို့အလေးထားပြောသွားခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ တူရကီသမ္မတ အာဒိုဂန်တို့က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အစ္စတန်ဘူလ် မှာကျင်းပမှုကို ပြန်လည်စတင်နိုင်ဖို့ ဆွေးနွေးခဲ့ကြပြီး နောက်တစ်နေ့မှာပဲ ယူကရိန်း သမ္မတ ဇယ်လန်စကီးက ခုလိုပြောကြားခဲ့တာပါ။
ရုရှားအစိုးရဘက်ကတော့ ကျင်းပဖို့အဆိုပြုထားတဲ့ နှစ်ဖက်တတိယမြောက်တွေ့ဆုံဆွေးနွေးမှုမတိုင်ခင်မှာ တောင်းဆိုချက်တွေအပေါ် အပေးအယူလုပ်လိုက်လျောဖို့ မလိုလားဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
သုံးနှစ်ကျော်တဲ့ထိ နှစ်ဖက်တိုက်ရိုက်တွေ့ဆုံမှုမရှိခဲ့ကြတဲ့ ရုရှားနဲ့ ယူကရိန်းတို့ဟာ ၂၀၂၅ ခုနှစ်အ တွင်းမှာတော့ အစ္စတန်ဘူလ်မြို့မှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေ မေလ ၁၆ ရက်နဲ့ ဇွန်လ ၂ ရက်တို့က နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွေမှာ အကျဉ်းသားတွေအပြန်အလှန် လဲလှယ်ရေးကို သဘောတူနိုင်ခဲ့ကြပေမယ့် အပစ်အခတ်ရပ်စဲရေးအတွက်တော့ သိသိသာသာ ဆွေးနွေးမှု ရလဒ်တွေမရှိခဲ့ပါဘူး။
Ref- Kyiv Independence
